ရန်ကုန်၊ သြဂုတ် ၁၃ – ၂၀၁၉
မိုးယံ(VOM)
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ်၂ ရပ်ကွက် ဝါးတစ်ရာ စက်မှုဇုန်အတွင်း ကျောပိုးအိတ်စက်ရုံတစ်ခုမှာ တရုတ်နိုင်ငံသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် သက်သေသွားတယ်လို့ ရွှေပြည်သာ လှော်ကားနယ်မြေရဲစခန်းက သိရပါတယ်။
“စစ်ဆေးချက်တွေအရတော့ လည်ပင်းမှာ တစ်ချက်တည်းနဲ့ လှီးထားတာတွေ့ရတယ်။ လူသတ်မှု မဟုတ်ပါဘူး၊ သူ့ဘာသာ သေကြောင်းကြံပြီး သတ်သေတာပါ။” လို့ လှော်ကားနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်စိန်အောင်က ပြောပါတယ်။
Mr.WANG MAI ပိုင်ဆိုင်တဲ့ ဝမ်ရှင်ဒါ(မြန်မာ) ခရီးသွားလာရေးပစ္စည်း ကုမ္ပဏီလီမိတက်ပိုင် ကျောပိုးအိတ်စက်ရုံအတွင်းမှာ မနေ့ သြဂုတ် ၁၂ ရက် နေ့လည်ပိုင်းက အဲဒီအမှုကိစ္စဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီစက်ရုံရဲ့ အလုပ်သမားဖြစ်တဲ့ အသက် ၃၃ နှစ်ရှိ တရုတ်လူမျိုး Mr.XIA YAN ဆိုသူဟာ မနက်စာ ထမင်းစားချိန်မှာ လာမစားလို့ စက်ရုံအတွင်း လိုက်လံရှာဖွေကြရာကနေ အခန်းတစ်ခုထဲမှာ သေဆုံးနေတာတွေ့ရတယ်လို့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောပါတယ်။
“သူ့ကိုရှာကြတော့ အခန်းတစ်ခုထဲမှာ သွေးအိုင်ထဲမှာ သေဆုံးနေတာတွေ့ရတာပါ။ ဒီနေ့က အလုပ်ပိတ်ရက်ဆိုတော့ အလုပ်သမားတွေ မရှိကြဘူး။ CCTVထဲမှာလည်း သူတစ်ယောက်ပဲ တွေ့တယ်။”လို့ စက်ရုံရဲ့HR မန်နေဂျာ ဒေါ်မြသက်အောင်က ပြောပါတယ်။
အဲဒီကျောပိုးအိတ်ချုပ်တဲ့ စက်ရုံကို ၂၀၁၉ ခုနှစ် မေလ ၉ ရက်က စတင်ဖွင့်လှစ်တာဖြစ်ပြီး ပြည်တွင်းအလုပ်သမား ၃၀၀ ကျော်၊ နိုင်ငံခြားသား တရုတ်လူမျိုး ၂၀ ကျော် လုပ်ကိုင်နေကြတာလို့ သိရပါတယ်။
တရုတ်နိုင်ငံသား သေဆုံးမှုနဲ့ ပတ်သက်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ လှော်ကားနယ်မြေရဲစခန်းက သိရပါတယ်။
#voiceofmyanmar #လှော်ကား #ရန်ကုန် #တရုတ်နိုင်ငံသားတစ်ဦးသေဆုံး