ဝါးစိမ်းတောင်ဒေသခံတောင်သူတွေ လယ်ယာမြေပုံစံ ၇ ရရှိရေး တောင်းဆို

မုံရွာ၊ သြဂုတ် ၂၉ – ၂၀၁၉

ရန်နိုင်စိုး(VOM)

 

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသ တောင်ပုအုပ်စု ကျေးရွာတွေမှာ ဒေသခံတွေဟာ လယ်ယာမြေပုံစံ ၇ မရရှိသေးတာကြောင့် သြဂုတ်လ ၂၉ ရက်က မုံရွာမြို့မှာ ဝါးစိမ်းတောင်ဒေသ လယ်ယာမြေကဏ္ဍ ရင်ဖွင့်သံခေါင်းစဉ်နဲ့  ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

 

ဝါးစိမ်းတောင်အနီးက လယ်ယာမြေတွေကို သစ်တောကြိုးဝိုင်း အတွင်းအပြင် ခွဲခြားထားပြီး လယ်ယာမြေ စီစစ်ရေးကော်မတီကတော့ ကြိုးဝိုင်းပြင်ပ ဧက ၄၀၀ ကျော်ကိုသာ ပုံစံ ၇ လျှောက်ခွင့်ပြုထားတာပါ။  ကြိုးဝိုင်းအတွင်းကတော့ သစ်တောကကန့်ထားတာကြောင့် သစ်တောပေးမှ ရမယ်လို့ သိရပါတယ်။

 

” ကျွန်တော်တို့ဆီမှာ အရင်ဆောင်ထားတဲ့ မြေခွန်ပြေစာတွေရှိပါတယ်။ အခုလက်ရှိမှာလည်း ဆောင်နေရဆဲပဲ။ ဒါပေမယ့် အဲ့ပြေစာတွေက သစ်တောရဲ့ စိမ်းလန်းစိုပြေရေးဆိုတဲ့ အပင်တွေအောက်မှာ ရောက်နေသလိုပဲ။ ဒီမြေတွေက ကျနော်တို့ ဘိုးဘွားအစဉ်အဆက်က လုပ်လာခဲ့တဲ့ မြေတွေပါ။ ဒီဘက်ခေတ်ရောက်တော့ ပုံစံ ၇ ရှိမှ အဆင်ပြေမယ်ဆိုတော့ လျှောက်တယ်။ မြေစာရင်းရုံးရော သစ်တောရုံးပါ စုံနေပြီ။ ဒါပေမယ့် အခုချိန်ထိ မရဘူးဖြစ်နေတယ်။” လို့ သပြေအေးကျေးရွာနေ တောင်သူ ဦးသိန်းဇော်က ပြောပါတယ်။

 

သစ်တောကနေ ဝါးစိမ်းတောင်ကြိုးဝိုင်းအတွင်း စိမ်းစိုစီမံကိန်းအဖြစ် ဧက ၁၀၀၀ သတ်မှတ်ထားပြီး အခု ပုံစံ ၇ ရဖို့တောင်းဆိုနေတဲ့ တောင်သူတွေရဲ့ လယ်ယာမြေအများစုကလည်း အဲဒီ သတ်မှတ်ကြိုးဝိုင်းအတွင်းမှာ ပါရှိနေပါတယ်။

 

ကိုးခရိုင်စိမ်းလန်းစိုပြေရေးဆိုပြီး ၂၀၀၀ ခုနှစ်မှာ တောင်သူတွေစိုက်ပျိုးထားတဲ့ လယ်ယာမြေထဲကို သစ်တောကနေ အပင်တွေလာရောက်စိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။

 

သပြေအေးကျေးရွာက ကိုလှမင်းနိုင်က “ကိုးခရိုင်စိမ်းစို စီမံကိန်းဆိုပြီး တောင်သူတွေစိုက်ပျိုးထားတဲ့ စိုက်ခင်းတွေထဲ နင်းဖြဲပြီး မြေကျင်းတွေတူးပြီး အပင်တွေလာစိုက်တယ်။ နောက်ပိုင်း စိုက်ပျိုးစရိတ်ချေးငွေတွေ ထုတ်ကြတဲ့အချိန်မှာ ပုံစံ ၇ မပါရင် မပေးဘူးဆိုတဲ့ အဆင့်ကျတော့ ကျွန်တော်တို့ ဒေသက ပုံစံ ၇ မပါရင် ချေးမရဘူးဆိုတဲ့ အနေထားရောက်သွားတယ်။ ” လို့ ပြောပါတယ်။

 

ကျေးရွာ ၄ ရွာနဲ့ဖွဲ့စည်းထားတဲ့ တောင်ပုအုပ်စုမှာ ပုံစံ ၇ မရသေးတဲ့ တောင်သူပေါင်း ၁၆၀ ကျော်ရှိတယ်လို့ သိရပြီး အဲဒီတောင်သူတွေကဟာ အိုးဘို၊ သပြေအေးနဲ့ သရော်ကျင်းကျေးရွာကအများဆုံး ဖြစ်ကြပါတယ်။

 

တောင်သူတွေအနေနဲ့ ပုံစံ ၇ ရရှိဖို့ရာ ၂၀၁၄ ခုနှစ်ကတည်းက တောင်းဆိုခဲ့ကြပြီး အခု NLD အစိုးရလက်ထက်မှာ နိုင်ငံတော်သမ္မ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဆီမှာ စာတွေတင်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါနဲ့ပတ်သတ်ပြီး တောင်သူ ကိုမင်းနိုင်က” ကျနော်တို့ စာတွေတင်ခဲ့တယ် ၊ ဆန္ဒတွေလဲ ပြခဲ့တယ်။ အဲ့ဒီနောက်ပိုင်း မြို့နယ်က လာစစ်တယ်။ လာစစ်ပေမယ့် မြို့နယ်အစည်းဝေးကျတော့ ကျေးလက်ကယူသွားတဲ့ သဘောထားမှတ်ချက်မပါဘဲ သူတို့သဘောထားမှတ်ချက်တွေကိုပဲ ခရိုင်ကို တင်သွားတာတွေ့ရတယ်။” လို့ ပြောပါတယ်။

 

လယ်ယာမြေဥပဒေအရ ပုံစံ ၇ ရှိမှသာ စိုက်ပျိုးရေးဘဏ်ကနေ သီးနှံအတွက် ငွေချေးငှားခွင့်ရရှိမှာဖြစ်သလို သားစဉ်မြေးဆက် ဆက်လက်လုပ်ကိုင်ခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်။ ဝါးစိမ်းတောင်ခြေဒေသမှာ ယာသီးနှံကို အဓိကထားစိုက်ပျိုးကြပြီး စပါးစိုက်ပျိုးတဲ့ တောင်သူတွေလည်း ရှိပါတယ်။

 

#voiceofmyanmar #စစ်ကိုင်း #ယင်းမာပင် #ဝါးစိမ်းတောင်ဒေသ #တောင်သူ #ပုံစံ ၇

Related posts

Leave a Comment

VOM News

FREE
VIEW