အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ နိုင်ငံသားမဟုတ်သူ နှစ်သန်းနီးပါးထိရှိနေ

ဒေလီ၊ သြဂုတ်-၃၁-၂၀၁၉

မျိုးဆက် (VOM)

 

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာရှိတဲ့ နိုင်ငံသားမှတ်ပုံတင်စာရင်း နောက်ဆုံးအပြီးသတ်ကို သြဂုတ် ၃၁ ရက်က ထုတ်ပြန်ရာမှာတော့ နိုင်ငံသားမဟုတ်တဲ့ နိုင်ငံမဲ့လူဦးရေ ၁ ဒသမ ၉ သန်းရှိနေပါတယ်။

 

ပါကစ္စတန်ဆီကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံက လွတ်လပ်ရေးမကြေညာခင် တစ်ရက်အလိုဖြစ်တဲ့ ၁၉၇၁ ခုနှစ် မတ် ၂၄ ရက်မှာ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေထိုင်ကြောင်း သက်သေပြနိုင်သူတွေသာ အိန္ဒိယနိုင်ငံသားမှတ်ပုံတင်စာရင်းမှာ ပါဝင်တာဖြစ်ပါတယ်။

 

နိုင်ငံသားဖြစ်ခွင့် စာရင်းမှာ ပါဝင်တဲ့သူတွေအနေနဲ့ အယူခံဝင်ဖို့ ရက်ပေါင်း ၁၂၀ အချိန်ပေးထားပါတယ်။ နိုင်ငံသားစာရင်းမှာ မပါဝင်သူတွေအနေနဲ့ကတော့ နောက်ထပ်ဘာတွေဆက်ဖြစ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူတွေကို စစ်ဆေးသိရှိရဖို့ လိုအပ်တာကြောင့် ဒီလုပ်ငန်းစဉ်ကို လုပ်ခဲ့တာလို့ အိန္ဒိယနိုင်ငံက ပြောပါတယ်။

 

အိန္ဒိယနိုင်ငံဟာ အရင်ကတည်းက တရားမ၀င် လာရောက်နေထိုင်သူတွေလို့ သံသယရှိသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးပြီး ယာယီစခန်းတွေမှာ ထိန်းသိမ်းထားခဲ့ပါတယ်။ ဒါပေမယ့် ပြည်နှင်ဒဏ်ပေးတာမျိုးတော့ လုပ်ဆောင်တာမရှိသေးပါဘူး။

 

လက်ရှိလုပ်ဆောင်ခဲ့တဲ့ နိုင်ငံသား မှတ်ပုံတင်စာရင်း ထုတ်ပြန်မှုဟာ အာသံပြည်နယ်က လူနည်းစု မွတ်စလင်တွေအပေါ်  ထိခိုက်စေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

 

ဒီစာရင်းအရ နိုင်ငံသားမဟုတ်သူ နှစ်သန်းနီးပါးရှိတာကို စိစစ်တွေ့ရှိခဲ့ရပြီး ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံသား မှတ်ပုံတင်စာရင်းမူကြမ်းမှာတော့ နိုင်ငံသားမဟုတ်သူ လေးသန်းအထိရှိတယ်လို့ ဖော်ပြထားပါတယ်။

 

Ref : BBC

Photo: Reuters

 

#voiceofmyanmar #အိန္ဒိယ #

 

 

Related posts

✕
VOM News

FREE
VIEW