ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်မှု အရပ်သား ၇ ဦးဒဏ်ရာရ

 

ကျောက်တော်၊စက်တင်ဘာ ၃-၂၀၁၉

ခိုင်လင်းစံ (VOM)

 

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိ ဘုရားကုန်းတော်အနီးရှိ သရက်တစ်ပင်ကျေးရွာနားမှာ စက်တင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ သရက်တစ်ပင်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၄ ရွာက အရပ်သား ၇ ဦး၊ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

 

အဲ့ဒီပစ်ခတ်မှုကြောင့် သရက်တစ်ပင်ကျေးရွာက ၂ ဦး၊ ရဘက်ကျေးရွာက ၂ ဦး၊ ရွှေတလှည်းကျေးရွာက ၂ ဦးနဲ့ ကျောက်တစ်လုံးကျေးရွာက ၁ ဦးတို့ ဒဏ်ရာ ရခဲ့ကြပြီး၊ သူတို့ကို ကျောက်တော်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရွှေဂရုဏာ လူမှုကူညီရေးအသင်းက ပြောပါတယ်။

 

“မနေ့က နေ့လည် ၂ နာရီလောက်မှာ စ ဖြစ်ပါတယ်။ ရွာနားမှာ မိုင်းပေါက်ကွဲပြီးတဲ့နောက် ပစ်ခတ်ခဲ့တာလို့သိရ ပါတယ်။ ပစ်လိုက်တဲ့ကျည်တွေနဲ့ လက်နက်ကြီးကျည်တွေ ပေါက်ကွဲတဲ့အတွက် အရပ်သား ၇ ဦးဒါဏ်ရာရရှိခဲ့ပါတယ်။ လေးနှစ်အရွယ်ကလေးတစ်ယောက်ပါဝင်ပါတယ်။”လို့ ရွှေဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးဘိုအောင်သိန်းကပြောပါတယ်။

 

အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်ဟာ မနေ့က နေ့လည် ၂ နာရီလောက်မှာ သရက်တစ်ပင်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတာဖြစ်ကြောင်းနဲ့ ဒဏ်ရာရရှိခဲ့ကြတဲ့ အရပ်သားတွေထဲမှာ အသက်ကြီးပိုင်းတွေပါသလို ကလေးငယ်တွေလည်း ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

အဲ့ဒီပစ်ခတ်မှုဟာ သရက်တစ်ပင်ကျေးရွာအလယ်က ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမပေါ်ကနေ တပ်မတော် စစ်ကြောင်းတစ်ခုက ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲ့ဒီပစ်ခတ်မှုကြောင့် လမ်းဘေးဝဲယာမှာ ဈေးဆိုင်တွေဖွင့်လှစ်ရောင်းချနေကြတဲ့ ဈေးဆိုင်သည်တွေကြောက်လန့်ထွက်ပြေးကြချိန်မှာ ဆိုင်ခန်းတွေကိုဝင်ရောက်ပြီး ရွှေထည်၊ ငွေသားနဲ့ ပစ္စည်းတွေကို ယူဆောင်သွားခဲ့တာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

 

ဒေသခံတွေက သူတို့နယ်မြေဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိကြောင်း ပြောဆိုကြပေမယ့် တပ်မတော်ဘက်ကတော့ အဲ့ဒီသရက်တပင်ရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး၊ သူတို့စစ်ကြောင်းကို တိုက်ခိုက်တဲ့အတွက်အခုလို ပစ်ခတ်မှုတွေပြုလုပ်ခဲ့ ရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“အဲ့ဒီ သရက်တပင်ရွာထိပ်က တံတားနားမှာမိုင်းနှစ်လုံး ပေါက်ကွဲခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့တပ်ဖွဲ့ကို ပစ်ခတ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်က ပြန်ပစ်ခဲ့တာပါ။ ရွာသားတွေထိခိုက်မှု ရှိမရှိတော့ ကျွန်တော်မသိပါဘူး”လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW