အကြမ်းဖက်မှုနဲ့ ဖမ်ဆီးစစ်ဆေးခံနေရသူတစ်ဦး သွေးအန်ပြီး ဆေးရုံတင်ထားရ

စစ်တွေ၊ စက်တင်ဘာ ၁၈-၂၀၁၉

ခိုင်လင်းစံ (VOM)

 

 

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ညက မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာ လူမှုကူညီရေးအဖွဲ့ဝင်တချို့တို့ဟာ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအနီး သပေါ့စာတဲစုမှာ နေထိုင်သူတစ်ဦး ငှက်ဖျားရောဂါဖြစ်ပြီး သတိလစ်နေတဲ့ အတွက် မြောက်ဦးဆေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့စဉ် လမ်းမှာတပ်မတော်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာဖြစ်ပါတယ်။

 

သူတို့ဟာ တရားစွဲဆိုခံလိုက်ရပြီး ၆ လကျော်အကြာ အမှုရင်ဆိုင်နေရတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေထဲက ကိုစည်သူအောင်ဆိုသူမှာ စစ်ကြောရေးအတွင်း ရိုက်နှက်ခံရမှုတွေကြောင့် ရရှိလာခဲ့တဲ့ အတွင်းဒဏ်ရာတွေကြောင့် သွေးအန်လာတဲ့အတွက် စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက စစ်တွေဆေးရုံကြီးကို ပို့ဆောင်ဆေးကုသနေရကြောင်း သတင်းရရှိပါတယ်။

“ကျွန်တော်သားလေးက စစ်ကြောရေးကာလမှာ ရိုက်နှက်ခံခဲ့ရတယ်။ ပြီးခဲ့တဲ့ လခွဲလောက်ကနေ သွေးအန်တယ်။ မနက် အိပ်ယာထတဲ့အချိန်ဆိုရင် ပါးစပ်တွေက သွေးတွေထွက်တယ်။ ဒါမျိုးဖြစ်လာတဲ့အတွက် ဆေးရုံမှာ ဆေးခန်းပြပါတယ်။ ဓါတ်မှန်ရိုက်တော့ ဆရာဝန်က ဆေးရုံတင်ရမယ်လို့ပြောလို့ အခုဆေးရုံတင်ထားတာပါ။”လို့ ကိုစည်သူအောင်ရဲ့ အဖေ ဦးမောင်သောင်းအေးကပြောပါတယ်။

 

 

အဲ့ဒီဖမ်းဆီးခံရတဲ့အဖွဲ့မှာ ကားသမားအပါအဝင် လူ ၁၂ ဦးပါရှိပြီး သူတို့အားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)နဲ့ တရားစွဲဆိုထားပြီး စစ်တွေမြို့အကျဉ်းထောင်မှာ ချုပ်နှောင်ထားတာဖြစ်ပါတယ်။

 

 

ကိုစည်သူအောင်ဟာ အဲ့ဒီဝေဒနာကို စတင်ခံစားနေရချိန်မှာတော့ ထောင်တွင်းမှာဆေးကုသခဲ့ပေမယ့် ရောဂါအခြေအနေဆိုးရွာ လာခဲ့တဲ့အတွက် စက်တင်ဘာ ၁၂ ရက်နေ့မှ အပြင်ဆေးရုံမှာ ပြသခွင့်ရရှိခဲ့တာဖြစ်တယ်လို့ မိသားစုတွေကပြောပါတယ်။

 

 

“ကျွန်တော်တို့ သံသယရှိတဲ့သူတွေကို ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်။”လို့ တပ်မတော်ဘက်က ပြန်လည်ပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ်အပြင်ဖက်မှာလည်း ရှော့တိုက်ခံခဲ့ရတာကြောင့် ဒဏ်ရာတွေနဲ့ အနာတွေရှိနေကြောင်းနဲ့ မကြာခဏ မူးမေ့တာတွေနဲ့လည်း ဖြစ်ပွားတာတွေရှိနေကြောင်း မိသားစုတွေကပြောပါတယ်။

 

“လောလောဆယ်တော့ သွေးအန်တာသက်သာနေတယ်။ တခြားအပြင်ဒဏ်ရာတွေတော့ရှိတယ်။ မကြာခဏ မူးတယ်။ ခြေတွေလက်တွေတုန်တယ်။ ဒါမျိုးတွေဖြစ်နေပါတယ်။”လို့ ဦးမောင်သောင်းအေးကပြောပါတယ်။

 

လက်ရှိမှတော့ ကိုစည်သူအောင်ကို စစ်တွေဆေးရုံကြီး အချုပ်ခန်းလူနာတောင်မှာ ထားရှိကုသနေတာဖြစ်ပြီး သွေးအန်တဲ့ရောဂါအခြေအနေဟာ သက်သာနေပေမယ့် သူဘာဖြစ်နေတယ်ဆိုတာကို ဆေးရုံက တစ်စုံတစ်ရာ အသိပေးပြောဆိုတာမရှိကြောင်း ဦးမောင်သောင်းအေးက ပြောပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ်  #မြောက်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW