China Today မျက်နှာဖုံး ကိစ္စ ပြည်ထောင်စုအဆင့် တင်ပြထား

မန္တ​လေး၊ စက်တင်ဘာ ၂၄၊ ၂၀၁၉

ဖြူဖြူ (VOM)

 

 

မန္တ​လေးနန်းမြို့ရိုးနဲ့ကျုံးရေပြင်မှာ တရုတ်​နန်းမြို့ရိုးပုံ ရောင်ပြန်​ထင်ဟပ်နေတဲ့ ရုပ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြခဲ့တဲ့ China Today မဂ္ဂဇင်း ကိစ္စနဲ့ပတ်​သက်​ပြီး အ​ရေးယူ​ဆောင်​ရွက်​​ပေးဖို့ သာသနာ​ရေးနဲ့ ယဉ်​​ကျေးမှုဝန်​ကြီးဌာနကို တင်​ပြထားတယ်​လို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ဝေတဲ့  China Today မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပုံဟာ  Facebook လူမှုကွန်​ရက်​ စာမျက်​နှာက​နေတစ်​ဆင့်​ လူသိများလာပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

 

“သူတို့နိုင်​ငံမှာလည်း ဒီလိုနန်း​တော်​မျိုးရှိပါတယ်​ ဆိုတဲ့ဟာကို ပြချင်​လို့ထုတ်​တာပါလို့​ပြောတယ်​။ ဒါ​ပေမယ့်​ ပြည်​သူ​တွေရဲ့တုန့်​ပြန်​ချက်​ကကျ တမျိုးမြင်​တယ်​။ အဲ​ဒီတော့ ပြည်​​ထောင်​စုကိုတင်​လိုက်​ပါပြီ။  ကျ​နော်​ရဲ့လုပ်​ပိုင်​ခွင့်​က​တော့ သာသနာ​ရေးဝန်​ကြီးဌာနကို တင်​ပြထားတယ်​” လို့ မန္တ​လေးတိုင်း ၀န်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​က ဒီနေ့ကျင်းပတဲ့ လွှတ်တော်စည်းဝေးအပြီးမှာ သတင်းထောက်တွေကို ​ပြောပါတယ်​။

 

China Today မဂ္ဂဇင်းဟာ တရုတ်နိုင်ငံရဲ့ အကြောင်း၊ တရုတ်နိုင်ငံက ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ ခရီးသွားလာရေးကဏ္ဍတွေ၊ တရုတ်နိုင်ငံကနေ အရှေ့တောင်အာရှနိုင်ငံတွင်းမှာ ရင်းနှီးမြုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း စတာတွေကို မြန်မာဘာသာနဲ့ ဖော်ပြတဲ့ လစဉ်မဂ္ဂဇင်းတခုဖြစ်ပါတယ်။

 

ဒီမဂ္ဂဇင်းကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေ၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ၊ တရုတ်ခရီးသွားလုပ်ငန်းရှင်တွေအကြား အဓိကထား ဖြန့်ဝေတာဖြစ်ပါတယ်။

 

မန္တ​လေးမြို့ခံ စာ​ရေးဆရာ ဆူးငှက်​က​တော့ “သူတို့က​တော့ ယဉ်​​ကျေးမှုကို သရုပ်​​ဖော်​တယ်​​ပေါ့​နော်​။ သို့​သော်​ငြားလည်း ဒီမှာက နန်းနဲ့ မြို့ရိုးဆိုတာ မြန်​မာရဲ့ အချုပ်​အခြာ အာဏာလို့ သတ်​မှတ်​ထား​တော့ မြန်​မာရဲ့အချုပ်​အခြာအာဏာကို တစ်​စုံတစ်​ရာ ထိပါးတယ်​လို့ မန္တ​လေးမြို့နဲ့ မြန်​မာ ပြည်သူလူထုက သ​ဘော​ပေါက်​ထား​တော့၊ တိုင်းပြည်​မှာက အချိန်​ကလည်းအကဲဆတ်​တဲ့အချိန်​ဆို​တော့ သတိထားသင့်​တာ​ပေါ့” လို့ ဆိုပါတယ်​။

 

 

 

 

#voiceofmyanmar #မန္တ​လေး #China Today

Related posts

Leave a Comment

VOM News

FREE
VIEW