ကာဘိုးက အနီနဲ့အစိမ်း ပဋိပက္ခမှာ အနီဝန်းရံသူတယောက်သေဆုံး

အောက်တိုဘာ ၂၄-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာအနီး ကာဘိုး-မူးလမ်းဆုံ နေရာမှာ ဖြစ်ပွားခဲ့တဲ့ NLD အောင်နိုင်ရေး ယာဉ်တန်းနဲ့ ပြည်ခိုင်ဖြိုး အောင်နိုင်ရေး ယာဉ်တန်း ပဋိပက္ခဖြစ်ပြီး ရိုက်နှက်ကြရာ NLD ပါတီ ဝန်းရံသူ လူငယ်တစ်ယောက် ရိုက်နှက်ခံရလို့ ဦးခေါင်း ပေါက်ပြဲဒဏ်ရာရပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း အောက်တိုဘာ ၂၄ ဒီကနေ့ မနက်ပိုင်းက ကန့်ဘလူသို့ အပြန်လမ်းမှာသေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

အောက်တိုဘာ ၂၂ ညနေပိုင်းက ကန့်ဘလူမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ဝန်းရံ ထောက်ခံသူ လူအင်အား ၁၈၀၀ ကျော်ဟာ ကား အစီး ၇ဝ၊ ဆိုင်ကယ် အစီး ၁၅၀ ကျော်နဲ့ ထန်းကုန် – ကာဘိုး တန့်ဆည်လမ်းအတိုင်း ပါတီအောင်းနိုင်ရေး မဲဆွယ်ယာဉ်တန်းနဲ့ လှည့်လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ယာဉ်တန်းဟာ ကာဘိုး-မူးတံတားလမ်းဆုံ နေရာအရောက်မှာ ကာဘိုးကျေးရွာက NLD ပါတီ ဝန်းရံထောက်ခံသူ လူအင်အား ၁၅၀ ယာဉ်တန်းနဲ့ တွေ့ဆုံပြီး ပါတီ ဝန်းရံသူ နှစ်ဘက်အကြား ဆိုင်ကယ်ချင်း လက်ကိုင်ချိတ်မိရာက ပါတီ နှစ်ခုအကြား ဝန်းရံထောက်ခံသူ အချင်းချင်း ပွတ်တိုက်မှု စတင်ဖြစ်ပွားခဲ့တာပါ။

” အဲ့ဒီ ပါတီ နှစ်ခု ပွတ်တိုက်မှုကြောင့် သေဆုံးသွားသူဟာ NLD ပါတီ ဝန်းရံသူ ကိုမျိုးဝင်းစိုး အသက် (၂၇) ဆိုသူဟာ ဦးခေါင်ဒဏ်ရာရပြီး သေဆုံးသွားခဲ့တာဖြစ်တယ် ” လို့ ဇီးကုန်းနယ်မြေရဲစခန်းမှ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာကို ဒီမနက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နဲ့အဖွဲ့က သွားရောက်ပြီး ပဋိပက္ခ ဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်စစ်ဆေးဆောင်ရွက်ခဲ့ကာ နစ်နာဆုံးရှုံးသူတွေကို ကူညီထောက အကြမ်းဖက်ခံရသူတွေကို အားပေးနှစ်သိမ့်စကားဆိုခဲ့ကြပါတယ်။

” ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ ကိုဗစ်ကပ်ရောဂါကို ပြည်သူနှင့်အတူရင်ဆိုင်ရင်း လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် ကြိုးစားနေပါတယ်။ ကျွန်တော်တို့အစိုးရက နိုင်ငံသားနဲ့ ပါတီတွေကို လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူအခွင့်အရေးရှိစေခြင်းတို့ကို အစဉ်တစိုက် အလေးထားဖော်ဆောင်လျှက်ရှိပါတယ်။ အကြမ်းဖက်မှုနှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင့်ဖြစ်စေ
လုံးဝလက်မခံပါဘူး။ ဖြစ်စဉ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကြည့်ပါ၊ တုတ်တွေ၊ သံပိုက်တွေ၊ ဓားတွေ ကိုင်ဆောင်လာကြတာ ဆိုကတည်းက တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ပေါ်လွင်ပါတယ်။ ခင်ဗျားတို့ ရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများကို တယောက်မကျန်ဖော်ထုတ်စစ်ဆေးပြီး ဥပဒေအရ အမြန်ဆုံးအရေးယူဖို့ လိုအပ်ပါတယ်။ ဒီဖြစ်စဉ်ကို ကျွန်တော်စောင့်ကြည့်အရေးယူသွားပါ့မယ်” လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ဒေသခံ ပြည်သူတွေကို ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် ကာဘိုး-တန့်ဆည်သွားတဲ့ကားလမ်းအတိုင်း ပြည်ခိုင်ဖြိုး ပါတီအောင်နိုင်ရေး မဲဆွယ်ယာဉ်တန်းမှာ လိုက်ပါလာသူတချို့က ဖြစ်စဉ်ဖြစ်တဲ့ အောက်တိုဘာ ၂၂ရက်နေ့မှာပဲ ကာဘိုးရွာအနောက်ဘက်အဝင်ရှိ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ရှိ မောင်းတံနဲ့ ထိုင်ခုံတွေကို ရိုက်ချိုးဖျက်စီးပြီး ဂိတ်က တာဝန်ရှိသူတွေကို ဆဲဆိုကြိမ်းမောင်းတာတွေလည်း ရှိခဲ့တယ်လို့ ကာဘိုးကျေးရွာ အုပ်ချုပ်ရေးမှုး ဦးအောင်ဌေးရဲ့ပြောပြချက်အရ သိရပါတယ်။

” ကိုဗစ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ဖျက်စီးခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ အမှတ်တံဆိပ်ပါ အင်္ကျီဝတ်ဆင်ထားသူတွေကို အရေးယူဖို့ ကာဘိုးကျေးရွာ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး ဇီကုန်းနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ် ၊ ရဲစခန်းက (ပ) ၁၂၁ / ၂၀၂၀ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ /၂၆ / ၁၀၉ အရ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ ” ဇီးကုန်း နယ်မြေရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်ကပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး မဲဆွယ်ယာဉ်တန်းမှာ လိုက်ပါလာသူ လူတချို့က ခဲတွေနဲ့ ပစ်ပေါက်ခဲ့လို့ နေအိမ် ၂ လုံးပျက်စီးခဲ့အတွက်လည်း အိမ်ရှင်ဖြစ်သူတွေက ဇီးကုန်းနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#voiceomyanmar #VOM #ကာဘိုးအကြမ်းဖက်မှု#ဝန်ကြီးချုပ်သွားရောက်စစ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW