မိုင်းကိုင်မြို့နယ်မှာ ရွေးကောက်ပွဲပြန်လည်ကျင်းပနိူင်ချေရှိ

အောက်တိုဘာ ၂၄-၂၀၂၀
အေးချမ်းသူ(VOM)

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်မှာ ရွေးကောက်ပွဲပြန်လည်ကျင်းပနိူင်ချေရှိတယ်လို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထင်ကျော်က VOMကိုပြောပါတယ်။

“ပါတီတွေကလည်း တင်ပြတယ်။ ၄ ပါတီ SNLD၊ SDPN၊ USDP၊ NLD ရယ် ပြီးတော့ဒေသခံပြည်သူတွေကလည်းတင်ပြတယ်။ရွေးကော်ကလည်း ပြန်လည်းသုံးသပ်ဖို့ ကျနော်တို့ကိုစာတောင်းတယ်။ ကျနော်ထင်တယ်ဗျ မိုင်းကိုင်ကတော့ရွေးကောက်ပွဲကျင်းပနိူင်ချေရှိတယ်။ ဒါက ကျနော့အမြင်ပြောတာနော်”လို့ ဦးထင်ကျော်ကပြောပါတယ်။

မိုင်းကိုင်မြို့နယ်ကို ရွေးကောက်ပွဲပြန်လည်ကျင်းပနိူင်ဖို့အတွက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်၊ လွိုင်လင်ခရိုင်ရွေးကောက်ပွဲကော်မရှင်၊ မိုင်းကိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့ဆီကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြံပြုချက်တွေတောင်းခံခဲ့တဲ့အတွက် ပြန်လည်ကျင်းပနိူင်ချေရှိတယ်လို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထင်ကျော်က VOMကိုပြောပါတယ်။

မိုင်းကိုင်မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပခွင့်ပြုဖို့ အဲ့ဒီမြို့နယ်တွေမှာရှိတဲ့ နိုင်ငံရေးပါတီ ၄ ခုက တာဝန်ရှိသူတွေနဲ့ ကိုယ်စားလှယ်လောင်းတွေက လက်မှတ်ရေးထိုးပြီး ပြန်လည်တင်ပြထားတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)မှ တွဲဘက်အတွင်းရေးမှုး(၁) စိုင်းကျော်ညွန့်က VOMကိုပြောပါတယ်။

“ကျနော်တို့ရယ် ကျားဖြူပါတီရယ် ၊ USDPရယ်၊ NLDရယ်စုပြီး အောက်တိုဘာ ၂၂ရက်နေ့ကျတော့ ဒေသခံပြည်သူတစ်သောင်းရဲ့လက်မှတ်နဲ့ ထပ်တင်သေးတယ်”လို့ စိုင်းကျော်ညွန့်ကပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ (USDP)တို့က အောက်တိုဘာ ၂၀ရက်နေ့မှာ မိုင်းကိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ လွိုင်လင်ခရိုင်ရွေးကောက်ပွဲကော်မရှင်တို့ကို ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့အတွက် အသီးသီးစာပေးပို့ခဲ့တယ်လို့ SNLDမှတွဲဘက်အတွင်းရေးမှုး(၁)ဦးစိုင်းကျော်ညွန့်ကပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ၁၆ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ ရွေးကောက်ပွဲကျင်းပခွင့်မရှိတဲ့ နယ်မြေစာရင်းမှာ ရှမ်းပြည်နယ်ရှိ မြို့နယ်ခြောက်ခုကို လုံးဝမကျင်းပဖို့နဲ့ မြို့နယ် ၁၇ ခုရှိ ရပ်ကွက်အချို့၊ ကျေးရွာအုပ်စုများထဲမှာလည်း မိုင်းကိုင်မြို့နယ် ပါဝင်ခဲ့ပါတယ်။

အလားတူ ကျောက်မဲမြို့နယ်မှာလည်း ကျေးရွာအုပ်စု ၁၂ စုကို ရွေးကောက်ပွဲမကျင်းပဖို့ ဆုံးဖြတ်ထားခြင်းအပေါ် ပြန်လည်သုံးသပ်ပြီး ရွေးကောက်ပွဲကျင်းပခွင့်ပြုပေးဖို့အတွက် SNLD ကိုယ်စားလှယ်လောင်းတွေက အောက်တိုဘာ ၂၂ ရက်မှာ စာပို့တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

မိုင်းကိုင်မြို့နယ်မှာ မဲပေးမည့်ဦးရေ ခုနှစ်သောင်းကျော်ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ (USDP)နဲ့ တအောင်း-ပလောင်အမျိုးသားပါတီတို့ဖြစ်တယ်လို့ သိရပါတယ်။

Photo – SNLD
#voiceofmyanmar #VOM #မိုင်းကိုင် #ရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW