NLD ပါတီ သီချင်းဖွင့်ပြီး ကနေတဲ့သူတွေနဲ့ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတွေ ရိုက်ပွဲဖြစ်

အောက်တိုဘာ ၂၄-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကုလားကြီးကျေးရွာမှာ NLD ပါတီ အောင်နိုင်ရေး သီချင်းဖွင့်ပြီး ကနေတဲ့သူတွေနဲ့ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူတွေဟာ အောက်တိုဘာ ၂၃ ရက် ညပိုင်းက နှစ်ဖက်အပြန်အလှန် ရိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကုလားကြီးကျေးရွာက နေအိမ်တစ်အိမ်ရှေ့လမ်းပေါ်မှာ NLD ပါတီ ဝန်းရံထောက်ခံသူ မိန်းကလေးတစ်စုဟာ ပါတီအောင်နိုင်ရေး မဲဆွယ်သီချင်းဖွင့်ပြီး ကနေတဲ့အချိန် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူ လူငယ်တစ်စုဟာ အဲ့ဒီလမ်းပေါ် ဖြတ်သန်းသွားလာတဲ့အခါ စကားများပြီး ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် နှစ်ဘက်ပါတီ ဝန်းရံထောက်ခံသူတွေဟာ အပြန်အလှန်ရိုက်ကြတာကြောင့် ဒဏ်ရာရရှိသူ ၇ ယောက်ရှိပြီး ရရှိဒဏ်ရာတွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ချောင်းဦးပြည်သူ့ဆေးရုံကနေ မုံရွာပြည်သူ့ဆေးရုံကြီးကို ပြောင်းရွေ့ခဲ့ရတယ်လို့ ကုလားကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

“လမ်းပေါ်မှာ ကနေတဲ့သူတွေနဲ့ လမ်းသွားတဲ့သူတွေ ညှိပြီး ရိုက်ကြတာပါ ၊ ဒဏ်ရာရသူတွေက ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတွေဆိုတော့ စိုးရိမ်ရတယ်” လို့ ဒဏ်ရာရလူနာတွေကို လိုက်ပါပို့ဆောင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကုလားကြီးကျေးရွာ ဒေသခံတွေရဲ့ ဖုန်းဆက်ပြီး အကြောင်းကြားတာကြောင့် အမြင့်နယ်မြေ ရဲကင်းစခန်းက ရဲတပ်ဖွဲ့တွေဟာ ဖြစ်စဉ်ဖြစ်တဲ့နေရာကို သွားရောက်ပြီး ရန်ပွဲကို ဖျန်ဖြေပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

” အဲ့ဒီရွာမှာက အခုလို ပါတီ ၂ခု ပွတ်တိုက်မှုများပြီး ရန်ဖြစ်ကြတာ၊ ဒါရောဆို ဒီလထဲမှာ ၂ ကြိမ်ရှိသွားပြီ၊ စီစစ်ပြီး အမှုဖွင့် အရေးယူထားတွေရှိတယ်၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်နဲ့အဖွဲ့က အလားတူ ပြဿနာတွေ ဆက်မဖြစ်စေဖို့ လုံခြုံရေးတိုးမြှင့် ချထားပေးတယ်” လို့ ချောင်းဦးမြို့နယ်ရဲတပ်ဖွဲ့ရုံးက အမည်မဖော်လိုတဲ့ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

အခုလို နှစ်ဖက်ပါတီအကြား ဝန်းရန်ထောက်ခံသူတွေ စကားများပြီး ရိုက်ပွဲဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက် ရရှိနိုင်ဖို့ ပါတီတာဝန်ရှိသူတွေဆီကို VOMက ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒါ့အပြင် အောက်တိုဘာ ၂၂ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာမှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူတွေနဲ့ NLDပါတီ ဝန်းရံထောက်ခံသူတွေ ခိုက်ရန်ဖြစ်ပွားခဲ့လို့ ဆိုင်ကယ် ၆ စီးနဲ့ နေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူ ၁ဦးလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ချောင်းဦး #နှစ်ဖက်ပါတီ #ခိုက်ရန်ဖြစ်ပွား

Related posts

Leave a Comment

VOM News

FREE
VIEW