တနင်္သာရီတိုင်းမှာ ကြိုတင်မဲပေးမယ့်သူ တစ်သိန်းနှစ်သောင်းကျော်ရှိ

အောက်တိုဘာ ၂၇-၂၀၂၀
သိင်္ဂီထွန်း ( VOM)

တနင်္သာရီတိုင်းမှာ အသက် ၆၀ နှစ်နဲ့အထက် ကြိုတင်မဲပေးသူပေါင်း ၁သိန်း ၂သောင်း ကျော်ရှိပြီး ကြိုတင်မဲပေးခြင်းကို လာမယ့် အောက်တိုဘာ ၂၉ ရက်နေ့မှာ စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအဆင့် ၊ တိုင်းဒေသကြီးအဆင့်နဲ့ ရွေးကောက်ပွဲမှာ မဖြစ်မနေ တာဝန်ထမ်းဆောင်ကြမယ့် အဖွဲ့အစည်းတွေအနေနဲ့လည်း အောက်တိုဘာလ ၂၉ ရက်ကနေစပြီး နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲပေးနိုင်တယ်လို့ သိရပါတယ်။

“ကြိုတင်မဲပေးတဲ့အခါ အိမ်တိုင်ရာရောက်ကောက်မယ့်အစီအစဉ်လည်းရှိတယ်။ မဲဆန္ဒရှင်ကိုယ်တိုင်က ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲရုံးကို လာပေးနိုင်ရင်ပေး ၊ မပေးနိုင်လို့အိမ်ကိုလာကောက်ပေးပါဆိုရင်လည်း ကျနော်တို့က လှည့်လည်ပြီး ကောက်ပေးမှာဖြစ်တယ်”လို့ တနင်္သာရီတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦးကပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၁၅ သိန်းဝန်းကျင်ရှိပြီး အဲ့ဒီအထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး ပထမအကြိမ်မဲပေးခွင့်ရရှိသူက ၄၀၀၀၀ ကျော်ပါဝင်တယ်လို့သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းအတွင်း မဲရုံ ၈၀ ကိုလည်းထပ်တိုးထားတယ်လို့ သိရပြီး အခုကာလဟာ ကိုဗစ်ကပ်ရောဂါကာလဖြစ်တဲ့အတွက် ကိုဗစ် စည်းကမ်းသက်မှတ်ချက်တွေနဲ့အညီ မဲပေးရမှာဖြစ်ပါတယ်။

” မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးခွင့်အချိန်ဖြစ်တဲ့ မနက် ၆ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ အားလုံးမဲပေးခွင့်ရရှိဖို့အတွက် မဲရုံမှာရှိတဲ့ မဲဆန္ဒရှင်အရေအတွက်ကိုမူတည်ပြီး မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူအတွဲကို ထပ်တိုးထားပါတယ်။ညနေ ၄ နာရီထိုးတာနဲ့ မဲရုံပုရဝုဏ်အတွင်းမှာရှိသမျှအားလုံးကို မဲစာရင်းပေးစေပြီးမှ မဲရုံလုပ်ငန်းကို ရပ်နားမှာဖြစ်တယ်”လို့ တနင်္သာရီတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦးကပြောပါတယ်။

တနင်္သာရီတိုင်းမှာ မဲစာရင်းကြေငြာကပ်ထားတဲ့အချိန်အတွင်း မဲစာရင်းလာရောက်ကြည့်ရှုသူ လူဦးရေ ၃ သိန်းဝန်းကျင်ရှိခဲ့တယ်လို့သိရပါတယ်။ တနင်္သာရီတိုင်းအတွင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ကျေးရွာတစ်ခုရှိနေပြီး အဲ့ဒီရွာမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၇၅၀ ကျော်ရှိနေပါတယ်။

Photo – တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်
#voiceofmyanmar #VOM #တနင်္သာရီ #ရွေးကောက်ပွဲ #ကြိုတင်မဲ

Related posts

Leave a Comment

VOM News

FREE
VIEW