ပါကစ္စတန် ဘာသာရေးကျောင်းတစ်ခု ဖောက်ခွဲတိုက်ခိုက်ခံရ ၊ ၇ဦးသေဆုံး ၅၀ ကျော်ဒဏ်ရာရ

အစ္စလာမ္မာဘတ်၊ အောက်တိုဘာ-၂၇-၂၀၂၀
မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံရှိ ဘာသာရေးကျောင်းတစ်ခုမှာ စာသင်ကြားနေစဉ်အတွင်း ဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးသွားပြီး ၅၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

နိုင်ငံမြောက်ပိုင်း ပက်ရှဝါမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေဟာ အသက် ၂၀ နဲ့ ၃၀ အကြားဖြစ်ပြီး လူဒါဇင်များစွာဒဏ်ရာရရှိတဲ့အထဲမှာ အသက် ၁၃ နှစ်အရွယ် ကလေးလေးဦးပါဝင်တယ်လို့ ဆေးရုံတာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လက်ရှိမှာတော့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ တစ်စုံတစ်ဦးဟာ အဆောက်အဦထဲကို အိတ်တစ်လုံးနဲ့ဝင်သွားပြီး များမကြာမီမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ရဲတပ်ဖွဲ့ကို ပြောပါတယ်။

အာဖဂန်နစ္စတန်နယ်စပ်နဲ့နီးတဲ့ ပက်ရှဝါမြို့ဟာ မကြာသေးမီနှစ်တွေအတွင်း တာလီဘန်တို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အဆိုးရွားဆုံးအကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ခြောက်နှစ်ကလည်း သေနတ်သမားတွေဟာ ပက်ရှဝါမြို့ရှိ စစ်သင်တန်းကျောင်းတစ်ခုကို စီးနှင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် လူ ၁၅၀ ကျော်သေဆုံးခဲ့ရပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ် #စာသင်ကျောင်းဗုံးခွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW