ပြင်မလားဖျက်မလား ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သဘောထား

မန္တလေး-အောက်တိုဘာ ၃၁-၂၀၂၀

ဆွေလင်းထွန်း + နေလင်း (VOM)

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ အစိုးရ ၂ဆက်သက်တမ်း ကုန်ကာနီးပေမယ့် ပြည်သူတွေစိတ်တိုင်းကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် အသိမှတ်ပြုမခံရသေးဘဲ ဝေဖန်ခံရဆဲဖြစ်ပါတယ်။ အစိုးရတွေကလည်း သူတို့လုပ်ဆောင်မရတဲ့ ကိစ္စတွေဆိုရင်ဖွဲ့စည်းပုံပါ ပေးထားချက်တွေရဲ့ အဟန့်အတားတွေကြောင့်လို့ လက်ညိုးထိုးထောက်ပြနေတာကြောင့် လည်းဖြစ်ပါတယ်။  ဒီရက်ပိုင်း နိုင်ငံရေးအစဉ်အလာကောင်းရှိတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ဖွဲ့စည်းပုံကို လုံးဝဖျက်သိမ်းပြီး အသစ်ရေးဖို့လိုတယ်ဆိုတဲ့ လှုပ်ရှားမှုတွေရှိလာနေပါတယ်။

 

ဖျက်သိမ်းရမယ်လို့ ယူဆကြသူတွေထဲမှာ ဗကသများအဖွဲ့ချုပ်ကလည်း အပါအဝင်ဖြစ်ပါတယ်။ လက်ရှိ ဗကသများအဖွဲ့ချုပ်မှာ အထွေထွေအတွင်းရေးမှုးအဖြစ် တာဝန်ယူထားတဲ့ ကို‌ဝေယံဖြိုးမိုးကတော့ ၂၀၀၈ အခြေခံဥပဒေဟာ တပ်မတော်ရဲ့ အလိုကျ ရေးဆွဲထားတာ ဖြစ်တဲ့အတွက် ဖျက်သိမ်းပစ်ရမယ်လို့ ပြောပါတယ်။

 

ကိုဝေယံဖြိုးမိုးက “ဗမာပြည်မှာ စစ်အာဏာကို ဖျက်သိမ်းဖို့အတွက်ဆိုရင် အရင်ဦးဆုံး စစ်အာဏာရှင်စနစ်ကို ထောက်တိုင်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှ ရမယ်ပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်အုပ်စုအလိုကျ ရေးဆွဲထားတာဖြစ်တယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ရေးဆွဲထားတာ မဟုတ်ဘဲနဲ့ စစ်တပ်ရဲ့အာဏာနဲ့ စစ်အာဏာရှင်စနစ်ကို ကြာရှည်ခံအောင်လို့ ရေးဆွဲခဲ့တာဖြစ်တယ်။  ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ လုပ်နေတဲ့ ရွေးကောက်ပွဲတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကလည်း ထူးထူးခြားခြား အောင်မြင်မှု ရှိမလာဘူး။ ဒီအခြေခံဥပဒေကြောင့်ပဲ ရွေးကောက်ပွဲတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အနှစ်သာရကလည်း ပျက်ပြားလာတယ်ပေါ့။ ရှေ့က ၁၉၇၄ အခြေခံဥပဒေဆိုရင်လည်း လူထုရဲ့ဆန့်ကျင်တာကို ခံရပြီးတော့ ဖျက်သိမ်းသွားရတာမျိုးတွေ ရှိတယ်ပေါ့။ ၂၀၀၈ ဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို ဗကသများအဖွဲ့ချုပ်အနေနဲ့ သက်ဆိုင်ရာ အလုပ်သမား၊ လယ်သမားသမဂ္ဂတွေ၊ အလုပ်သမား၊ လယ်သမားအဖွဲ့ချုပ်တွေနဲ့ အခြား ဖိနှိပ်ခံ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့အတူ ၂၀၀၈ ဖျက်သိမ်းရေးလမ်းကြောင်းပေါ်မှာ စုစည်းပြီးတော့ လူထုလှုပ်ရှားမှု ပုံစံမျိုးနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

 

အခြေခံဥပဒေပညာရှင် ဒေါက်တာ အင်ဒရူးငုံကျုံးလျန်ကတော့

“ အသစ်ရေးတယ်ဆိုတဲ့ အပေါ်မှာလည်း ပြောချင်တာက ဗမာ့သမိုင်းကို အသစ်ရေးလို့မရဘူး။ ဒဿနအနေနဲ့လည်း လက်ရှိကျနော်တို့မှာရှိတဲ့ အခြေခံဥပဒေနဲ့ဆိုင်တဲ့ ဒဿနတွေ အဲဒါတွေထက် ပိုကောင်းတာရှိလား။ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ structure တွေကရော ဘယ်လိုပုံစံနဲ့ သွားမှာလဲ။ အခြေခံဥပဒေမှာပါမယ့် အချက်တွေကလည်း အကုန်အသစ်။ အဲဒီအချက်တွေ ချပြပြီးရင်တော့ လုပ်ပေါ့။ ပြည်သူတွေက စဉ်းစားမှာပေါ့။ အဲ့လိုမျိုး ဖွဲ့စည်းပုံအသစ်ကို ချပြနိုင်ရင်တော့ ကျနော်လည်း သူတို့ဆီမှာ တပည့်ခံမယ်”လို့ ပြောထားပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကြား ချုပ်ဆိုထားတဲ့ ပဋိဉာဉ်ဖြစ်တဲ့အတွက် ဒီမိုကရက်တစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးဟာ အရေးတကြီးလိုအပ်တဲ့ အရာဖြစ်တယ်လို့ နိုင်ငံရေးပါတီအချို့က ရှုမြင်ကြသလို ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီတချို့ကတော့ အခြေခံဥပဒေကို အလောတကြီးမဟုတ်ဘဲ ဖြေးဖြေးချင်း တဆင့်ပြီးတဆင့် ပြင်ကြရမယ်လို့ ပြောပါတယ်။

 

၈၈၈၈ အရေးတော်ပုံက ကျောင်းသားခေါင်းဆောင်ဟောင်းလည်းဖြစ် လက်ရှိ ပြည်သူ့ပါတီ(PP) ဥက္ကဌ ဦးကိုကိုကြီးက “ကျနော်တို့က မူအားဖြင့်တော့ လွှတ်တော်ဆိုတာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ ရာနှုန်းပြည့်နဲ့ ဖွဲ့စည်းတဲ့လွှတ်တော် ဖြစ်ရမယ်ဆိုတာကတော့ ကျနော်တို့က မူအားဖြင့်ရပ်တည်တာ ဖြစ်ပါတယ်။ သို့သော် ပကတိအခြေအနေအရကတော့ ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပါ့မယ်လို့ ကတိပြုပြီးတော့ ပါတီထောင်ထားကြတာ၊ နိုင်ငံရေးပါတီအားလုံးက။ ဒီအခြေအနေကို လက်ခံပြီးတော့ပဲ ဒီအခြေအနေထဲကနေ အကောင်းဆုံး အဆင်ဆင့် ပြုပြင်ပြောင်းလဲနိုင်အောင်လို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲ့တော့ တဖက်ကလည်း ဒီမိုကရေစီစံနှုန်းအရ ၂၅ ရာခိုင်နှုန်း ကို လျှော့ချဖို့ ကြိုးစားနေတဲ့ တချိန်တည်းမှာပဲ မပြောင်းလဲနိုင်သေးခင်မှာ လုပ်နိုင်တဲ့ နယ်ပယ်တွေ အများကြီးကျန်သေးတယ်လို့ ကျ‌နော်တို့ မြင်တယ်။ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ လျှပ်စစ်၊ ရင်းနှီးမြှုပ်နှံမှု စသဖြင့် အ‌ခြေခံအဆောက်အအုံကိစ္စတွေ၊ စားဝတ်နေရေး ကိစ္စတွေဟာ ၂၅ ရာခိုင်နှုန်းမပါဘဲ လွတ်လွတ်လပ်လပ် ဆောင်ရွက်လို့ရတာတွေ ဖြစ်ပါတယ်။ နောက် တိုင်းရင်းသား တန်းတူညီမျှရေးနဲ့ ပတ်သက်လို့လည်း နိုင်ငံရေးစိတ်ဆန္ဒရှိပြီးတော့ သဘောထားကြီးမယ်ဆိုရင် တိုင်းရင်းသားတွေကို ဒီ့ထက်မက အခွင့်အလမ်းတွေ ဖန်တီးပေးလို့ရပါတယ်။ ဒါတွေက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်ရော၊ နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးရေးအတွက်ရော ဇောက်ချပြီးတော့ လုပ်နိုင်တဲ့နယ်ပယ်တွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် ဇယား ၂ နဲ့ ဇယား ၅မှာပါတဲ့ အချက်အလက်တွေကို ပြည်နယ်အစိုးရအတွက်၊ ပြည်နယ်လွှတ်တော်အတွက် ဆောင်ရွက်ခွင့်ချပေးထားတဲ့ ဟာတွေကို လက်တွေ့အကောင်အထည်ပေါ်အောင် လုပ်ဖို့အတွက်က ၅၀ ရာခိုင်နှုန်းကျော်နဲ့ ကျနော်တို့ လုပ်လို့ရပါတယ်။ အဲ့ဒါမျိုးတွေကို အာရုံစိုက်ပြီးတော့ မလုပ်ဘဲနဲ့ စစ်တပ်နဲ့ ထိပ်တိုက်တွေ့တာကိုပဲ ဆက်တိုက်ဆက်တိုက် လုပ်နေမယ်ဆိုရင် ကျန်တဲ့လုပ်ငန်းတွေမှာ ရှေ့မရောက်ဘဲနဲ့ နှောင့်နှေးတာ၊ ပြည်သူတွေရဲ့ နေ့စဉ်ဘဝအတွက် မတိုးတက်တာက အင်မတန်ထိခိုက်ပါတယ်” လို့ ပြောပါတယ်။

 

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဟာ NLD ပါတီနဲ့ ပူးပေါင်းပြီး လွှတ်တော်ပြင်ပကနေ ကြိုးပမ်းခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ် မေလ ၂၇ရက်ကနေ ဇူလိုင်လ ၂၉ ရက်အထိ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ရေးအတွက် နိုင်ငံတဝန်းမှာ လူထုဟောပြောပွဲတွေ၊ လက်မှတ်ကောက်ခံမှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ ပြင်ရေးအတွက် ပြည်သူ ၅သန်းကျော်ရဲ့ လက်မှတ်တွေကို ကောက်ယူရရှိပြီးနောက် လွှတ်တော်ကို တင်ပြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ NLD ပါတီရော၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကပါ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာ ဆက်လက်ဆောင်ရွက်ခဲ့တာမျိုး မတွေ့ရပါဘူး။

 

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွေရှိလာတာ၊ ပြည်သူတွေ မဲပေးခွင့် ရွေးကောက်ခံပိုင်ခွင့်ရှိလာတာ၊ ပြည်သူကရွေးချယ်နိုင်တဲ့ အစိုးရ ရှိလာတာတွေအပေါ် အကောင်းဘက်က ရှုမြင်ပြီး ခုဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ ရလာဒ်တွေကတဆင့် လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ် အရေအတွက်ကို ငါးနှစ်တကြိမ် လျှော့ချသွားသင့်တယ်လို့ သဘောထားရှိပါတယ်။

 

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင်က “ခုဆိုရင် အုပ်ချုပ်ရေးကတော့ ပြည်သူက ရွေးကောက်လိုက်တဲ့ အစိုးရရဲ့လက်ထဲ ရောက်သွားပြီ။ ဥပဒေပြုရေး အာဏာထဲမှာမှ ၂၅ ရာခိုင်နှုန်း ကျန်နေသေးတယ်လို့ မြင်တာထက်စာရင် ပြည်သူလက်ထဲကို ၇၅ ရာခိုင်နှုန်းရောက်လာပြီလို့ ကျမက မြင်ချင်ပါတယ်ရှင့်။ ဒါအကောင်းဘက်က ရှုမြင်တာပေါ့။ အရင် က ရှိသမျှအာဏာတွေကို တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းက ယူထားတဲ့အစား ခုချိန်မှာ လွှတ်တော်ဆိုတာ ရှိတယ်။ လွှတ်တော်ထဲမှာလည်း ပြည်သူတွေရွေးကောက်တဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းတောင် ရှိပြီ။ ပြီးတော့ အစိုးရက ဆိုလို့ရှိရင်လည်း ရွေးကောက်ပွဲတွေအရ ပြည်သူ့ဆန္ဒနဲ့အညီ တက်လာကြတဲ့ အစိုးရဖြစ်တယ်ပေါ့နော်။ ခုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် မူတည်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလာဒ်ရလာတာနဲ့အမျှ တပ်မတော်သား ကိုယ်စားလှယ်ကလည်း ၂၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း ပြီးရင် ၁၅ ရာခိုင်နှုန်း အဲ့လို ၅ နှစ်တကြိမ် လျှော့ချသွားတာမျိုး။ ၂၀၀၈ ဖွဲ့စည်းပုံဘောင်ထဲကနေပြီးတော့မှ တပ်မတော်နဲ့ အရပ်ဖက်စစ်ဖက် ဆက်ဆံရေး တည်ဆောက်ပြီးတော့မှ ကျမတို့ လိုချင်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို သွားသင့်ပါတယ်”လို့ ဆိုပါတယ်။

 

ပြည်တွင်းစစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)မှာ ဝင်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ(ANP)က ကိုယ်စားလှယ်လောင်း ဒေါ်တင်မာအောင်ကတော့ တပ်မတော်သားတွေဟာလည်း နိုင်ငံသားတွေပဲဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းပြည်တိုးတက်ဖို့ စုပေါင်းလုပ်ဆောင်နိင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

 

ကယားပြည်နယ်အခြေစိုက် ပါတီတခုဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP) အထွေထွေအတွင်းရေးမှုး ခူးသဲရယ်ကတော့ NLD အနေနဲ့ ၂၀၀၈ ကိုပြင်မယ်ဆိုပြီး မဲဆွယ်တာက သဘာဝမကျတော့ဘဲ ၂၀၀၈ အောက်ကနေ တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို ဘယ်လိုလုပ်ဆောင်မလဲဆိုတာပဲ စဉ်းစားရမယ်လို့ ၎င်းတို့ပါတီရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားတဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။

 

ကချင်ပြည်နယ်က ပါတီတွေကို ပေါင်းစည်းပြီး ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) ကလည်း ပင်လုံသဘောတူညီချက်၊ ပင်လုံကတိကဝတ်တွေနဲ့အညီ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်တည်လာစေရေး အလေးထားဆောင်ရွက်မယ်လို့ ၎င်းတို့ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကတိကဝတ်မှာ ဖော်ပြထားပေမယ့် ဘယ်လိုပုံစံတွေနဲ့ ဆောင်ရွက်သွားမယ် ဆိုတာတော့ မပါရှိပါဘူး။

 

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စိုင်းထွန်းအေးက ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အတွက် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နဲ့ ပင်လုံမူတွေကို အကောင်အထည် ဖော်ဆောင်ဖို့ လိုအပ်နေကြောင်းနဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲရမယ်လို့ ပါတီမူဝါဒ သဘောထား၊ လုပ်ငန်းစဉ်တွေကို ရေဒီယိုနဲ့ ရုပ်မြင်သံကြားအစီအစဉ်ကနေ ဟောပြောတင်ပြရာမှာ ထည့်ပြောပါတယ်။

 

ဖွဲ့စည်းပုံကို လွှတ်တော်အတွင်း၊ အပြင်က နိုင်ငံရေးအင်အားစုတွေ စုပေါင်းပြီး ပြင်ဆင်ရမယ်လို့ ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မယ့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ရှုမြင်သလို ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ကလည်း ၂၀၀၈ အခြေခံဥပဒေဟာ တိုင်းရင်းသားပြည်သူလူထုတွေ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးမှာ အဟန့်အတားဖြစ်နေတဲ့အတွက် စ၊ လယ်၊ ဆုံး ပြင်ဆင်ပြီး အသစ်ရေးဆွဲရမှာ ဖြစ်တယ်လို့ ၎င်းတို့ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။ အဲ့လိုဆောင်ရွက်ရာမှာ လွှတ်တော်တွင်း ဥပဒေနဲ့ ပြင်ဆင်တဲ့နည်းလမ်း၊ လူထုဆန္ဒခံယူပွဲနဲ့ ပြင်ဆင်တဲ့နည်းလမ်းတွေအပြင် လိုအပ်ရင် လူထုအင်အားနဲ့ ပြင်ဆင်ရေးဆွဲသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးလုပ်မယ်ဆိုပြီး ကြွေးကြော်တက်လာခဲ့တဲ့ အန်အယ်လ်ဒီပါတီကရော ဘယ်လောက်ခရီးရောက်ပြီလဲ ၊ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ပြောပြတာက

 

“ကျနော်တို့ ရွေးကောက်ပွဲကြွေးကြော်သံ ၂ ခုဘဲရှိတယ် ၁ အချက်က တိုင်းရင်းသားရေးနဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ၂ အချက်က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီသော ဒီမိုကရေစီ အခြေခံအုပ်ချုပ်ပုံ ပေါ်ပေါက်ရေးပေါ့ အဲ့တော့ အဲ့ဒီနှစ်ခုစလုံးဟာ အခြေခံဥပဒေကို မပြင်ဘဲနဲ့ ဘာမှလုပ်လို့မရဘူး ဒီအချက်နှစ်ချက်နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ပါဝင်ပြီးသားဖြစ်တယ်။ ဒီလို အခြေခံဥပဒေပေါ်ပေါက်ရေးအတွက်လည်း ဆက်လက်ပြီးတော့ မဖြစ်မနေဆောင်ရွက်သွားမယ်ဆိုတာက ပထမကြွေးကြော်သံနှစ်ချက်ထဲနဲ့ ကျနော်တို့ ထင်ရှားအောင်ပြတာပါ” လို့ဆိုပါတယ်။

 

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်  စစ်အုပ်ချုပ်ရေးနဲ့သွားရာကနေအမျိုးသားညီလာခံကျင်းပြီးတော့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လမ်းပြမြေပုံ (၇)ချက်ကို ပြဌာန်းခဲ့ပြီး လမ်းပြမြေပုံအတိုင်း တဆင့်ချင်းအကောင်အထည် ဖော်ခဲ့ပါတယ်။

 

လမ်းပြမြေပုံအရ အမျိုးသားညီလာခံကနေ ၂၀၀၈ ဖွဲ့စည်းပုံလို့ လူသိများတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲပြီး ၂၀၀၈ ခုနှစ် မေလမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ပြီး အတည်ပြုခဲ့ပါတယ်။ ဆန္ဒခံယူပွဲပြုလုပ်စဉ်က အစိုးရဖြစ်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) ရဲ့ စာရင်းတွေအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးခွင့်ရှိသူ ၂၇ သန်းကျော်အနက် ၉၈.၁၂ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြပြီး ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့တယ်လို့ ဆိုပါတယ်။

 

 

၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ မညီညွတ်ဘူးလို့ နိုင်ငံရေးသမားတွေနဲ့ ပြည်တွင်း၊ ပြည်ပက နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုကြပြီး အခြေခံဥပဒေဟာ ပြင်ဆင်ရမယ့် ဥပဒေဖြစ်တယ်လို့ ပြောကြပါတယ်။ ဖွဲ့စည်းပုံရေးဆွဲရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ အဓိက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတွေအားလုံးက ဖွဲ့စည်းပုံပြင်ရေးကို မူအားဖြင့်သဘောတူကြပေမယ့် ဘယ်လိုပုံစံနဲ့ ပြင်ဆင်မယ်၊ ဘယ်အချိန်အတောအတွင်း ဘယ်အနေအထားထိရောက်အောင် ပြင်ဆင်မယ်လို့တော့ အတိအကျပြောတာ နည်းပါတယ်။

 

ပြည်ခိုင်ဖြိုးပါတီ အဓိက လွှမ်းမိုးထားတဲ့ ပထမအကြိမ်လွှတ်တော်ကနေ ဖွဲ့စည်းပုံပြင်ရေးအတွက် နှစ်ကြိမ် ကြိုးပမ်းခဲ့ပါတယ်။ ပထမအကြိမ်အဖြစ် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်မှာ ဖွဲစည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီကို အဖွဲ့ဝင်ပေါင်း ၁၀၉ ယောက်နဲ့ ပြည်ထောင်စုလွှတ်တော်ကနေ ဖွဲ့စည်းပေးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၃ရက်မှာ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ထော်မှုကော်မတီကို ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းခဲ့ပြီး အဲ့ကော်မတီကနေ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အစီရင်ခံစာတစောင်ကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ရက်မှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပေမယ့် ဥပဒေကြမ်းအဖြစ် တင်သွင်းခဲ့တာတော့ မရှိပါဘူး။

 

ဒုတိယအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် ဇွန်လ ၁၀ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဥပဒေကြမ်းတွေကို လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော်က တင်သွင်းခဲ့ပါတယ်။ ဥပဒေကြမ်းမှာ သမ္မတအရည်အချင်းသတ်မှတ်ခြင်းနဲ့ဆိုင်တဲ့ ပုဒ်မ ၅၉၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်လိုတယ်လို့ ပါရှိပါတယ်။ လွှတ်တော်တွင်း ဆွေးနွေးရာမှာတော့ ကန့်ကွက်မှုတွေကြောင့် ဥပဒေပုဒ်မတွေကို ပြင်ဆင်နိုင်ခဲ့ခြင်း မရှိပါဘူး။

 

 

၂၀၀၈ အခြေခံဥပဒေအရ ကျင်းပတဲ့ ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပခဲ့ပြီး မဲပေးခွင့်ရှိသူ ၃၄ သန်းကျော်အနက် ၂၆ သန်းကျော်လာရောက်မဲပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၆၉ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံမပြင်ရင် သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်မှာမဟုတ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမဝင်ဘူးလို့ ဆိုဖူးပေမယ့် ၂၀၁၅ ခုနှစ်မှာ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲကိုတော့ NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ NLD ရဲ့ ဝင်ရောက်ယှဉ်ပြိုင်မှုနဲ့အတူ ၂၀၀၈ အခြေခံဥပဒေရဲ့ တရားဝင်မှုကလည်း ပြည်သူတွေကြားထဲမှာရော၊ နိုင်ငံတကာမှာပါ မြင့်တက်လာပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုလွှတ်တော်မှာ ရှိတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေအနက် ၈၆ ရာခိုင်နှုန်းခန့် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။

 

NLD ပါတီက အစိုးရဖွဲ့နိုင်ပြီးနောက်ပိုင်း လွှတ်တော်သက်တမ်းကုန်ကာနီးမှာ လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံပြင်ရေး ကြိုးပမ်းမှု တချို့ရှိပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ မှာ ၄၅ဦးကော်မတီလို့ လူသိများတဲ့ လွှတ်တော်အမတ် ၄၅ ယောက်ပါ ပူးပေါင်းကော်မတီဖွဲ့ပြီး ဖွဲ့စည်းပုံပြင်ဖို့ ကြိုးစားပါတယ်။ ကော်မတီဖွဲ့ဖို့အတွက် NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆို တင်သွင်းခဲ့တာပါ။ အဆိုကို လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ် အားလုံးက မတ်တပ်ရပ်ကန့်ကွက်ခဲ့ပေမယ့် ရွေးကောက်ခံကိုယ်စားလှယ် အများစုက ထောက်ခံလို့ အတည်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကော်မတီကနေ တိုင်းရင်းသားပါတီအချို့နဲ့ အတိုက်အခံပါတီအချိုု့က အမတ်တွေ နုတ်ထွက်ကြပြီး ၃၀ ဦးသာ ကျန်တော့လို့ ၃၀ဦး ကော်မတီ ဖြစ်သွားပါတယ်။

 

NLD အမတ် ဒေါက်တာမြတ်ဉာဏစိုး ဦးဆောင်တဲ့ အဆိုပါကော်မတီကနေ အချက် ၁၁၄ချက်ပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း ၂ခုကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းပါတယ်။ ဥပဒေကြမ်းမှာ လွှတ်တော်တွင်း တပ်မတော်သားပါဝင်မှု ၂၅ ရာခိုင်နှုန်းကို တဖြည်းဖြည်း လျှော့ချသွားမယ်ဆိုတာ ပါ ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ ၂၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း၊ ၂၀၂၅ နောက်ပိုင်းမှာ ၁၀ ရာခိုင်နှုန်း၊ ၂၀၃၀ နောက်ပိုင်းမှာ ၅ ရာခိုင်နှုန်းအထိ လျှော့ချမယ်လို့ အဆိုပြုထားတာပါ။ နောက်တချက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတယ်လို့ သုံးသပ်ကြတဲ့ ပုဒ်မ၅၉(စ) ကိုဖျက်သိမ်းဖို့၊ နိုင်ငံရေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ စတဲ့အချက်တွေကို တင်ပြပါတယ်။

 

နောက်အဓိကကျတဲ့ တချက်ကတော့ လွှတ်တော်တွင်းကနေ ဖွဲ့စည်းပုံပြင်ဖို့ အဓိက အတားအဆီးဖြစ်နေတဲ့ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့အချက် ဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ အရ ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေကို ပြင်ဆင်လိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှ ပြင်ဆင်ခွင့်ရှိတာပါ။ ပုဒ်မ ၄၃၆ အရဆိုရင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထဲက အနည်းဆုံးတဦးက ထောက်ခံမှ ဖွဲ့စည်းပုံပြင်လို့ရမှာ ဖြစ်ပါတယ်။ အဲ့ပုဒ်မကို “ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံကျော်က ပြင်ဆင်ရန်သဘောတူလျှင်” ဆိုတဲ့ စာသားနဲ့ ပြောင်းလဲလိုတယ်လို့ တင်ပြပါတယ်။ အဆိုပြုချက်အရ ဖွဲ့စည်းပုံကို ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ သဘောတူညီမှု မလိုဘဲ လွှတ်တော်တွင်းကနေ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

 

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအားလုံးလိုလိုက ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးဆိုတဲ့အချက်ကို ရွေးကောက်ပွဲ ကတိကဝတ်မှာ ထည့်သွင်းထားတာကို တွေ့ရပါတယ်။

 

 

 

လွှတ်တော်တွင်း အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ထင်သလောက်မအောင်မြင်တာနဲ့ ပတ်သက်ပြီး အခြေခံဥပဒေပညာရှင် ဒေါက်တာ အင်ဒရူးငုံကျုံးလျန်က “ဖွဲ့စည်းပုံအကြောင်း အတိအကျမသိခင်မှာ သိဖို့လိုတဲ့ အချက်လေးချက်ရှိတယ်။ အခြေခံဥပဒေ ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်း၊ အခြေခံဥပဒေရဲ့ ဒဿန၊ နောက်တခုက ဖွဲ့စည်းပုံရဲ့ structure၊ နောက်ဆုံးအနေနဲ့က အခြေခံဥပဒေမှာပါတဲ့ အခန်းတခန်းစီမှာ ပါတဲ့ ပုဒ်မတွေက တခုနဲ့တခု ဆက်စပ်မှုရှိနေတဲ့အတွက် ပွတ်တိုက်မှု မဖြစ်ဖို့လိုတယ်။ အဲ့ဒီအချက်လေးချက်မှာ ဘယ်ဟာတွေက လိုက်လျောညီထွေဖြစ်ခြင်း မဖြစ်ခြင်းဆိုတာ နားလည်မှ ဘယ်အချက်ကစပြီးတော့ ပြင်ရမယ်၊ ကိုင်တွယ်ရမယ်ဆိုတဲ့အပိုင်းက နောက်ဆုံးအခြေခံဥပဒေ ပြင်ဆင်တဲ့အပိုင်းပေါ့။ အဲ့ဒီအချက်လေးချက်ကနေ မချဉ်းကပ်ဘဲ အခြေခံဥပဒေကို ပြင်ဖို့လုပ်တဲ့အတွက်ကြောင့် NLD အစိုးရလက်ထက် ဖွဲ့စည်းပုံပြင်ဆင်ရေးက မထိရောက်တာပါ” လို့ သုံးသပ်ပါတယ်။

 

ဖွဲ့စည်းပုံပြင်ရေး၊ အသစ်ရေးဆွဲရေးတွေကို နိုင်ငံရေးပါတီတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဆန္ဒရှိနေပေမယ့် စားဝတ်နေရေးအရ နိုင်ငံရေးကို စိတ်မဝင်စားနိုင်ကြသူတွေက ၉၅ ရာနုန်းလောက်ရှိပါတယ်။ ဒါက ဘာကိုဖေါ်ပြသလဲဆိုရင်  နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးစိတ်ဝင်စားသူတွေအနေနဲ့ ပြည်သူကို စည်းရုံးလှုံ့ဆော်နိုင်စွမ်း နည်းသေးလို့ ဖြစ်တယ်လို့ VOM က ရှုမြင်သုံးသပ်ရပါတယ်။

 

#voiceofmyanmar #VOM #2008constituation #ဖွဲ့စည်းပုံပြင်ဆင်ရေး # ပြင်မလားဖျက်မလား ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်သဘောထား

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW