ရန်ကုန်တိုင်းက အလုပ်သမားတွေ ကြိုတင်မဲပေးခွင့်ဆုံးရှုံး

နိုဝင်ဘာ ၇-၂၀၂၀
သိင်္ဂီထွန်း ( VOM )

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း‌ကို နယ်ကနေ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဝင်ငွေနည်း အသက် (၃၀)နှစ်အောက် ပုဂ္ဂလိက စက်မှုလက်မှုလုပ်ငန်းကဏ္ဍက အလုပ်သမားတွေဟာ ဆန္ဒမဲပေးပိုင်ခွင့်၊ အခွင့်အရေး ဆုံးရှုံးလိုက်ရပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် CTUM က ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အခုလို ရွှေ့ပြောင်းလုပ်သားတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့အတွက် မဲစာရင်းတွေစတင်ကြေငြာချိန်ကတည်းက လက်ရှိအချိန်ထိ ရက် ၉၀ နေထိုင်တာမှန်ကန်တဲ့အပြင် စက်ရုံမှာအလုပ်လုပ်နေတာမှန်ကန်ကြောင်း အထောက်အထားတစ်ခုခုပြနိုင်သူတွေကို ဌာနဆိုင်ရာတွေပေါင်းစပ်ညှိနိူင်းပြီး မဲစာရင်းမှာပါဝင်ခွင့်ရရှိကာ လက်ရှိနေရပ်မှာ မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ပေးဖို့ သမဂ္ဂအဖွဲ့ချုပ်တွေကနေ UECကို စာတင်ခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လှိုင်သာယာအနောက်ပိုင်းမြို့နယ်ကနေ တသီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲထွန်းဝင်းကတော့“ကပ်ရောဂါကာလ ကန့်သတ်ချက်တွေရှိတယ်။ အလုပ်ပိတ်ရက်ဆိုင်ရာ အကန့်အသတ်တွေရှိတယ်။ အဲ့ဒီတော့ လုပ်ငန်းခွင်တွေကိုရောက်နေတဲ့ အဲ့ဒီအလုပ်သမားတွေသည် သူတို့နေရပ်ကိုလည်း မဲပြန်ပေးနိုင်တဲ့အခြေနေမရှိဘူး။ သူတို့သည် UEC ကြေငြာတဲ့ ပုံစံ-၁၅နဲ့ဖြည့်သွင်းပြီး လျှောက်လွှာတင်ပြီး မဲပေးနိုင်မယ့်အခြေအနေလည်း အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘူး။ ပြီးတော့ အခုလက်ရှိမှာလည်း ရောက်ရှိနေတဲ့ ကျနော်တို့ ရွေးကောက်ပွဲဥပဒေအရ ရောက်ရှိရာနေထိုင်ကြောင်း ရက် ၉၀ ကျော်လွန်နေပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့်စာရင်းမှာ မပါဝင်ခဲ့ဘူး။ဒါကြောင့်ခုလို ကြေငြာချက်ထုတ်ပြန်တာဖြစ်ပါတယ်”လို့ ပြောပါတယ်။

အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်ရှိတဲ့အပြင် မြို့နယ်တွေမှာ အမှန်တကယ်နေထိုင်တဲ့ စက်ရုံ/အလုပ်ရုံ အလုပ်သမား မဲစာရင်းထုတ်ပြန်မှုမှာ အမည်မပါဝင်ခြင်းနဲ့ အမည်လွဲမှားနေခြင်း၊ အလုပ်သမားတွေမှာ စီးပွားရေးအခက်အခဲကြောင့် ရပ်ကွက်တစ်ခုချင်းစီအလိုက်မှာရှိတဲ့အဆောင်ကို မကြာခဏပြောင်းရွှေ့နေထိုင်ကြရတဲ့အတွက် နေရာတစ်ခုမှာ ရက်ပေါင်း ၉၀ ပြည့်အောင်နေထိုင်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

အဲ့ဒီအတွက် သက်ဆိုင်ရာအဆောင်မှူးများက ရက်ပေါင်း (၉၀) ပြည့်အောင် နေထိုင်ကြကြောင်းကို ထောက်ခံပေးဖို့ အခက်အခဲရှိခြင်း၊ သက်သေပြနိုင်မယ့် ယာယီသန်းခေါင်စာရင်း ၊ ဧည့်စာရင်းတွေလည်း မရှိခြင်းကို ကြုံတွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားတာဖြစ်ပါတယ်။

ဒါ့အပြင် တချို့သောနယ်တွေက လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေဟာ အထွေထွေရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရှိခြင်း၊ Covid-19 ရောဂါကြောင့် ရန်ကုန်တိုင်းအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာထားတဲ့ Stay at Home အစီအစဉ် ဆောင်ရွက်နေတာကြောင့် အလုပ်သမားတွေဟာ နေရပ်ပြန်ပြီး ဆန္ဒမဲထည့်ဖို့ အခက်အခဲတွေရှိခြင်းကြောင့် မနက်ဖြန်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့် အခွင့်အရေးဆုံးရှုံးသူများရှိနေတယ်လို့ ထုတ်ပြန်ပြောဆိုထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန် အနောက်ပိုင်းခရိုင် ၊ ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးဖြစ်သူ ဦးဝင်းနိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ပုံစံ ၁၅ နဲ့တောင်းရင် ကျနော်တို့က သက်ဆိုင်ရာမြို့နယ်ကို ချက်ခြင်း ပို့ရတယ်။ ဟိုဘက်မြို့နယ်က ဒီပုံစံ ၁၅ ကိုလက်ခံရရှိတာနဲ့ မဲလက်မှတ်ကို သက်ဆိုင်ရာကာယကံရှင်ဆိုတာ ကျနော်တို့ဆီကနေတောင်းရင် ကျနော်တို့ဆီပြန်ပို့တယ်။ အဲ့ဒါ ဘယ်လမ်းကြောင်းကနေပို့လဲဆိုတော့ ချောလမ်းကြောင်းကနေ ရန်ကုန်စာတိုက်ကြိးကနေ ပို့တယ်။ အနီးဆုံးဆို အသွား ၃ရက် အပြန် ၃ ရက်ကြာမယ်ဆိုရင် ၆ ရက်ကြာမယ်။အဲ့ဒီတော့ ဟိုဘက်ကနေ မဲစာရင်းကို စာတိုက်ကြီးကနေထည့်လိုက်ရင် ၃ ရက်ကြာပြီး ကျနော်တို့ဆီရောက်မယ်။ ကျနော်တို့က အချိန်မီရောက်တဲ့ဟာဆိုဆန္ဒမဲပေးပြီးတာနဲ့ ရန်ကုန်စာတိုက်ကြီးကနေ တိုက်ရိုက်ထည့်ခိုင်းတယ်။ အချိန်မီရောက်မယ့်စာတွေဆို အနည်းဆုံး ဟိုဘက် ၃ ရက်၊ ဒီဘက် ၃ ရက် ပေါင်း ၆ ရက်ကြာတယ်။ စာတိုက်ကြီးကနေ မထည့်ဘဲနဲ့ သက်ဆိုင်ရာမြို့နယ်ကနေထည့်မယ်ဆိုရင် နောက်ထပ်တစ်ရက်ပိုကြာမယ်။ ။မဲဆန္ဒတစ်ယောက်က သူရဲ့ မဲဆန္ဒခွင့် မဆုံးရှုံးအောင်လုပ်ချင်တယ်ဆိုရင် သက်ဆိုင်ရာမဲဆန္ဒရှင်ရဲ့ အကွာအဝေးနဲ့အချိန်တော့လိုတာပေ့ါ။ အခုပုံစံ ၁၅ ပေးပြီးတော့ မဲလက်မှတ်လိုချင်လို့တော့မရဘူးခင်ဗျ။အဲ့ဒီသဘောပါပဲ။ မဲလက်မှတ်မရောက်ဘူးဆိုတာ အချိန်မီမရောက်တာပါ”လို့ ပြောပါတယ်။

မဲဆန္ဒနယ်မြေပြင်ပရောက်နေကြတဲ့သူတွေအနေနဲ့ ဆန္ဒမဲပေးခွင့်ရဖို့အတွက် ပုံစံ-၁၅ နဲ့လျှောက်ထားခွင့်ကတော့ အောက်တိုဘာလ ၂၅ ရက်နေ့က နောက်ဆုံးရက်ဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် လက်ရှိမှာတော့ မဲဆန္ဒနယ်ပြင်ပရောက်နေပြီး မဲပေးခွင့်အမည်စာရင်းမပါဝင်သူတွေအနေနဲ့ကတော့၂၀၂၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ မဲပေးခွင့်ဆုံးရှုံးရတော့မှာဖြစ်တဲအတွက်ကြောင့် ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အလုပ်သမား #ကြိုတင်မဲပေးခွင့်ဆုံးရှုံး

Related posts

Leave a Comment

VOM News

FREE
VIEW