တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့မော်တော်ကားနဲ့ မတော်တဆဖြစ်ခဲ့တဲ့ အမျိုးသားတစ်ဦး ရက်ပိုင်းအကြာမှာသေဆုံးမှုဖြစ်ပွား

နိုဝင်ဘာ ၁၆-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ ငဖဲမြို့မှာ NLDပါတီမှ တိုင်းလွှတ်တော်ကိုယ်စားလှယ် (အခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)ရဲ့ကားနဲ့ ဆိုင်ကယ်မောင်းလာသူတို့ နိုဝင်ဘာ ၁၀ရက်နေ့က မတော်တဆပွတ်တိုက်မှုဖြစ်ပွားခဲ့ပြီး မနေ့ နိုဝင်ဘာ ၁၅ရက်နေ့မှာပဲ သေဆုံးသွားတယ်လို့ ငဖဲမြို့မရဲစခန်းကနေ သိရပါတယ်။

ချောင်းဖြူကျေးရွာ၊ ရွာလယ်လမ်းကွေ့မှာ နိုဝင်ဘာ၁၀ရက်နေ့က မျက်နှာချင်းဆိုင်တိုက်မိကြတဲ့အတွက် ဝဲပါး ပွန်းခြစ်ဒဏ်ရာရရှိခဲ့ပြီး ပြင်ပဒဏ်ရာမရခဲ့တဲ့အတွက် ဆေးကုသမှုခံယူမှုမရှိခဲ့ဘဲ နိုဝင်ဘာ၁၅ရက်နေ့ မနက်၁၀နာရီခန့်မှာ ဝမ်းဗိုက်အောင့်လာလို့ ငဖဲပြည်သူ့ဆေးရုံကိုပို့တဲ့လမ်းမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

“သေဆုံးသွားတဲ့သူကိုရော၊ ဦးစန်းကြူကိုရော အမှုတော့ဖွင့်ထားတယ်။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကတော့ စုံစမ်းစစ်ဆေးဆဲဖြစ်လို့အတိကျတော့ ပြောလို့မရသေးဘူး။ ခုက စစ်ဆေးဆောင်ရွက်နေတုန်းပဲရှိသေးတယ်။ ဒါကြောင့်ဘယ်လိုဆောင်ရွက်ထားလဲဆိုတာ ပြောလို့မရသေးဘူး။ ခုက သက်သေတွေလိုက်စစ်နေဆဲဖြစ်တယ်။ ရဲလုပ်ငန်းနဲ့အညီတော့ လုပ်နေတယ်၊ လောလောဆယ် အမှုဖွင့်ထားတုန်းရှိသေးတယ်၊ စုံထောက်စစ်ဆေးနေတုန်းရှိသေးတယ်။ ပြီးတာနဲ့ ဥပဒေနဲ့အညီ ဆက်လုပ်မယ်”လို့ ငဖဲမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးကျော်မင်းဦးကပြောပါတယ်။

သေဆုံးသူ အသက် ၄၉နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့ ဆိုင်ကယ်နဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်မောင်းလာတဲ့ မော်တော်ကားတို့ တိုက်မိခဲ့ချိန် သေဆုံးသူမှာ ပြင်ပဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ခြင်းမရှိခဲ့တာကြောင့် သေဆုံးမှုဟာ အတွင်းဒဏ်ရာကြောင့်သေဆုံရခြင်းဖြစ်နိုင်တယ်လို့ ရဲမှတ်တမ်းမှာ သုံးသပ်ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးစန်းကြူကို ဆက်သွယ်မေးမြန်းခဲ့ရာ “သူတို့ကလည်း ကျနော့်ကိုပြောတယ်။ သူတို့လုပ်ရမယ့်လုပ်ငန်းစဉ်တိုင်းလုပ်ပေါ့လို့။ အကျဉ်းချုံးပြောရရင် ကျနော်က ကိုယ့်မဲဆန္ဒနယ်ကိုပတ်ကြည့်တော့ လမ်းကွေ့တစ်ခုမှာကျနော်ကားက မြောက်ကိုခေါင်းလှည့်ချိန် ဘယ်ဘက်ကလာတဲ့ ဆိုင်ကယ်က ကျနော့်ရဲ့ကားနောက်ဘီးကိုဝင်လာဆောင့်တာပေါ့။ တခြားဆိုင်ကယ်တစ်စီးကို ကျော်လိုက်တာ အရှိန်မထိန်းနိုင်ဖြစ်သွားတာပေါ့။ ကျနော့်ကားနောက်ဘီးကို တာယာချင်းလာဆောင့်တယ်အဲ့ဒါပြီးတော့ သူလဲသွားတာပေါ့။ အရှိန်မပြင်းဘဲဖြစ်တဲ့ကိစ္စက ၆ ရက်လောက်ကြာသွားတာပေါ့။ သူ့ဈာပနကိုလည်းသွားပါတယ်။ ကျနော့်ကားကိုသူ့ဆိုင်ကယ်က လာဝင်ဆောင့်တဲ့အနေအထားမှာ ဘာဒဏ်ရာမှာမရဘူး ၊ မရဘူးဆိုတာက သွေးအန်တာ၊ ခြေကျိုးလက်ကျိုးဖြစ်တာ၊ သွေးထွက်သံယိုဖြစ်တာမရှိဘူး။ခေါင်းတွေဘာတွေ ဖုသွားတာယောင်သွားတာလည်းမရှိဘူး။ သူက လဲတဲ့အချိန် ကျနော့်ကို ဇွတ်အိမ်ပြန်လွှတ်နေတာ။ ဆရာ ပြန်ပါ ကျနော်မှားတာပါ။ကျနော့အတွက် ဆရာဂုဏ်သိက္ခာကျတာပါလို့ပြောတယ်။ အဲ့ဒီနေ့ကကို ဆေးရုံ ပို့ခဲ့သေးတယ်”လို့ ပြောပါတယ်။

လက်ရှိမှာတော့ငဖဲမြို့မရဲစခန်းက တိုင်းလွှတ်တော်ကိုယ်စားလှယ် နဲ့ သေဆုံးသူ အမျိုးသားတို့ ၂ဦးလုံးကို ယာဉ်(ပ)၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)နဲ့ အမှုဖွင့်ထားရှိပြီး သက်သေတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #

Related posts

Leave a Comment

VOM News

FREE
VIEW