နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းတဲ့ ဆွေနွေးပွဲနဲ့ အဖြေရှာကြဖို့ ALPပါတီတိုက်တွန်း

နိုဝင်ဘာ ၁၆- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြားမှာ ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းက အပြစ်မဲ့ပြည်သူတွေ အသက်အိုးအိမ်စည်းတွေ ပျက်စီးဆုံးရှုံးမှု၊ အပြစ်မဲ့ ပြည်သူတွေနေရပ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခသည်ဘဝကို ရောက်နေကြတဲ့အချိန် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းတဲ့ ဆွေးနွေးပွဲတွေနဲ့ အဖြေရှာကြစေလိုတယ်လို့ တပ်မတော်နဲ့ အေအေ နှစ်ဖက်စလုံးကို လက်ရှိ NCAလက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ(ALP) က မနေ့ နိုဝင်ဘာ ၁၅ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက် နဲ့ ၁၂ ရက်နေ့က တပ်မတော်နဲ့ အေအေ နှစ်ဖက်ထုတ်ပြန်ချက်တွေဟာ အပြုသဘောဆောင်ကာ အပြန်အလှန်ထွက်ပေါ်လာတဲ့ ထုတ်ပြန်ကြေညာချက်တွေ ဖြစ်ကြောင်းနဲ့ ရခိုင်ပြည်သူလူထုအတွက် ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ သုံးသပ်မိကြောင်း ALPပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ၊ ပြန်ကြားရေးဌာနတာဝန်ခံ ဒေါ်စောမြရာဇာလင်းကတော့ ” အရင်က ရခိုင်ပြည်မှာ တိုက်ပွဲပြင်းထန်နေခဲ့တယ်။ အဲ့ဒီလို အခြေအနေတွေအောက်မှာ ရခိုင်ပြည်သူလူထုဟာ အခက်အခဲဖြစ်တယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်တာတွေလည်းရှိတယ်။ ငြိမ်းချမ်းရေးလမ်းစကို ကြည့်တော့လည်း တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် တိုက်ပွဲဆင်နေကြတဲ့အတွက် ငြိမ်းချမ်းရေးလမ်းကို ရောက်ဖို့အတွက် အင်မတန်မှ အလှမ်းဝေးတယ်လို့ ကျမတို့ မြင်ပါတယ်။ ရွေးကောက်ပွဲအပေါ်မှာမူတည်ပြီးတော့ ရခိုင့်တပ်တော် (AA) ဖက်က ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်တယ်။ ထိုနည်းတူပဲ မြန်မာ့တပ်မတော်ဖက်ကလည်း အဲ့ဒီထုတ်ပြန်ချက်အပေါ်မှာ ကြိုဆိုလာတဲ့သဘောရှိပါတယ်။ နှစ်ဖက် တိုက်ပွဲဖြစ်နေကြတဲ့ အနေအထားကနေပြီး တစ်ဖက်နဲ့ တစ်ဖက် အပြုသဘောဆောင်တဲ့ ဆက်ဆံမှုမျိုးပြုလာတယ်။ အသုံးအနှုန်းတွေကလည်း ကြမ်းတမ်းတဲ့ အသုံးအနှုန်း အများကြီး လျော့နည်းသွားတာတွေ့ရပါတယ်။ ဒီလို ထုတ်ပြန်လိုက်တဲ့အတွက် နောင်တစ်ချိန်မှာ ပိတ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို အားလုံးရောက်လာနိုင်တယ်လို့ သုံးသပ်တဲ့ အတွက် အခုလိုထုတ်ပြန်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း အေအေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က နိုဝင်ဘာ ၃၁ ရက်နေ့ထိ သက်တန်းထပ်တိုးကြောင်းကြေညာခဲ့ပြီး တပ်မတော်ဖက်ကလည်း နိုဝင်ဘာ ၉ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မတီကိုဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို NCA လက်မှတ်ရေးထိုးနိုင်တဲ့အထိ ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့က မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အေအေ အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေကို မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာလုပ်ဆောင်ချက်တွေကို ပြန်ရုတ်သိမ်းပေးဖို့ တောင်းဆိုထားတာလည်းဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ရှေ့ဆက်ပြီးလုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအပေါ် သဘောထားကို သိလိုတာကြောင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ် မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိပါဘူး။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအန်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ “ ဘယ်အစိုးရပဲတက်တက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက အမြဲတမ်းလုပ်ဖို့ပေါ့၊ ကျနော်တို့ ဆန္ဒကတော့ တွေ့ဆုံဆွေးနွေးသွားမယ်။ အခုလည်း အဲ့ဒီအတိုင်းပဲ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်အပေါ်မှာလည်း သူတို့က ငြိမ်းချမ်းရေးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်တယ်လို့ ထင်တာပေါ့။ ဆွေးနွေးပွဲလမ်းကြောင်း မရှိတာနဲ့ နှိုင်းဆရင် ဆွေးနွေးပွဲလမ်းကြောင်းအတွက် အဖွဲ့ဖွဲ့ထားတာတော့ ကောင်းပါတယ်”လို့ ပြောပါတယ်။

ALPပါတီ ပြန်ကြားရေးဌာနတာဝန်ခံ ဒေါ်စောမြရာဇာလင်းကလည်း မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တစ်တိုင်းပြည်လုံးအနေအထားနဲ့ ဖော်ဆောင်မယ်ဆိုရင် မြောက်ပိုင်းအဖွဲ့တွေလည်း ပါဝင်လာဖို့ အရေးကြီးကြောင်းနဲ့ ရခိုင်ပြည်နယ်ရဲ့ အရေးဟာလည်း မြန်မာ့အရေးနဲ့ တစ်ဆက်တစ်စပ်တည်း ရှိတယ်လို့ ပြောပါတယ်။

“ ရခိုင်ပြည်နယ်က တစ်ခြားပြည်နယ်တွေထက် ထူးခြားတဲ့ အနေအထားတွေလည်း ရှိပါတယ်။ တပ်မတော်နဲ့ အေအေ နှစ်ဖက်ထုတ်ပြန်ချက်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြောက်ပိုင်းအဖွဲ့တွေ ပါဝင်လာဖို့အတွက် လမ်းစဖွင့်ပေးလိုက်တဲ့ လက္ခဏာဖြစ်တယ်လို့ ကျမတို့ သုံးသပ်ပါတယ်”လို့ ဒေါ်စောမြရာဇာလင်းကပြောပါတယ်။

၂၀၂၀ အလွန်မှာ တက်လာမယ့် NLD အစိုးရရဲ့ အဓိကဦးတည်ချက်ဟာ ငြိမ်းချမ်းရေးဖြစ်ကြောင်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ စတဲ့လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားနေတယ်လို့ NLDပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က နိုဝင်ဘာ ၁၂ ရက်နေ့ VOMကဆက်သွယ်စဉ်ပြောခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ(ALP)ကို ၁၉၆၇ ခုနှစ်ကစပြီး ၂၀၁၂ ခုနှစ်အထိ (၄၅) နှစ် တိုင်တိုင် တိုက်ပွဲဝင်ခဲ့ကြကြောင်းနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ လက်နက်ကိုင်လမ်းစဉ်ကိုလည်း စွန့်လွတ်ရန်မလိုဘဲ နိုင်ငံရေးနည်းနဲ့ စားပွဲပေါ်မှာ ဆွေးနွေးအဖြေရှာခဲ့တဲ့အတွက် ၂၀၂၀ ခုနှစ် ဧပြီလ (၅) ရက်နေ့မှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးခဲ့ကြောင်း ALPပါတီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။

Photo- ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာန
#voiceofmyanmar #VOM #ရခိုင် #ငြိမ်းချမ်းရေး #ALPပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW