ရွှေမြယာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ထောက်ပံ့ငွေ ၄သောင်းကိစ္စကြောင့် ရာထူးကနေနုတ်ထွက်

နိုဝင်ဘာ ၁၆-၂၀၂၀
သိင်္ဂီထွန်း ( VOM )

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ထဲက ရွှေမြယာကျေးရွာမှာ အစိုးရကထောက်ပံ့တဲ့ ငွေကျပ် ၄သောင်းနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေအကြား အငြင်းပွားဖွယ်ရာကိစ္စရပ်တွေဖြစ်ပွားခဲ့တာကြောင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးမှူးအပါအဝင် ရာအိမ်မှူး ၊ ဆယ်အိမ်မှူး၊ တာဝန်ခံနဲ့ အယောက် ၂၀ နီးပါး တာဝန်ကနေ နှုတ်ထွက်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေ အငြင်းပွားဖွယ်ဖြစ်ခဲ့တာကြောင့် ဒေသခံတွေဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အထိ တိုင်ကြားတာတွေရှိနေတယ်လို့လည်းသိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရွှေမြယာကျေးရွာအုပ်ချုပ်ရေးမှူး ကိုဝေမိုးကတော့ “ဒီငွေ ၄၀၀၀၀ နှုန်းကို ရွေးကောက်ပွဲမတိုင်ခင် ပေးမယ်ဆိုပြီး အသံထွက်တယ်၊ ဒါပေမယ့်မပေးဖြစ်ဘူး။ ဒါကို နိုင်ငံတော်ကထောက့်ပံ့မယ့် ၄၀၀၀၀ကို အုပ်ချုပ်ရေးမှူးကရထားပါလျက်နဲ့ ထုတ်မပေးဘဲ ဘတ်ထားတယ်၊ ထိန်ချန်ထားပါတယ်ဆိုပြီး အဂတိကော်မရှင်ကိုတင်တယ်ဗျ၊ ဝန်ကြီးချုပ်ဘာညာလည်း တင်တယ်ကြားတယ်။ အဲ့ဒါတွေက မြို့နယ်ထွေအုပ်ကိုဝင်လာတော့ ထွေအုပ်ကနေ ကျနော့်ကိုစစ်ဖို့ ခုံအဖွဲ့ဖွဲ့ထားတယ်။ အဲ့ဒီအချိန် ကျနော်သိသွားတော့ သူနာမည်စာရင်းတောင်းတော့ မပေးဘူး။ ဒါနဲ့ကျနော်က ၄၀၀၀၀က ခုမှရတာကို မရသေးလို့ဆိုပြီး တိုင်တယ်ဆိုတော့ မရသေးဘူးဆိုတဲ့လူတွေကိုပြောပေါ့။ ကျနော်က ၁၇၇၃ အိမ်တင်ခဲ့တယ်။အဲ့ဒီမှာ ၇၈၅ အိမ်ပဲချပေးတော့ အိမ်ချေ ၁၀၀၀ လောက် ဟသွားတယ်။ အရင်တုန်းကငွေသားရဖူးတာက ၁၀၀၀ ဝန်းကျင်လောက်ရှိတော့ ကျနော်ကနေ ဒီ ၇၀၀ လောက်ကိုမှန်းပြီးတော့ ငွေလည်းမလျော့အောင် အိမ်ထောင်စုဇယားနဲ့ထိန်းပြီးတော့ အမေစုပြောတဲ့တစ်အိမ်ချင်းပေးရမယ် တစ်အိမ်ချင်းဆိုတာကို အိမ်ထောင်စုဇယားနဲ့သက်သေထူရမယ်၊ မိသားစုဆိုတာကို အိမ်ထောင်စုဇယားနဲ့သက်သေထူရမယ်ဆိုပြိးတော့ အိမ်ထာင်စုဇယားနဲ့ချိန်တော့ ရွာထဲက ပိုက်ဆံရှိတဲ့သူတွေ ကား ၅ စီး ၊ ၁၀စီး ရှိတဲ့သူတွေက ကျနော့်အိမ်ရှေ့ကို ရုံးကို ဝုန်းဒိုင်းနဲ့လုပ်စောင့်ပြီးတော့ ငါမပါဘူးလား၊ ငါ့မပေးရင်တွေ့မယ် လုပ်တဲ့အခါကျတော့ ကျနော့်လို တခြားရာအိမ်မှူးတွေလည်း မတတ်နိုင်ပဲ သူတို့တွေကိုပါပေးလိုက်ရတယ်။ အားလုံးစုံလင်သွားတယ်။ အိမ်ထောင်စုနဲ့ဆို မရတဲ့သူမရှိသေလာက်ပဲ။ လိုအပ်ချက်ရှိတာတွေလည်းကျနော် စိုက်ခဲ့ရတယ်။ အဲ့ဒါတွေအကုန်လုံး လုပ်ပြီးသွားတော့ အုပ်ချုပ်ရေးမှူး တာဝန်ခံရော၊ ရာအိမ်မှူး ဆယ်အိမ်မှူးတွေရော အကုန်လုံးအယောက် ၂၀ လောက် အကုန်လုံးနုတ်ထွက်သွားတယ်”လို့ ပြောပါတယ်။

ဒါကြောင့် အုပ်ချုပ်ရေးမှူးတာဝန်ကနေ နှုတ်ထွက်ကြောင်းကို မှော်ဘီမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဆီကို တရားဝင်အကြောင်းကြားခဲ့ပေမယ့်လည်း နှုတ်ထွက်ခွင့်မပြုဘဲ ကျန်တဲ့သက်တမ်း ၃ လကို ထိန်းပြီး ဆက်လက်လုပ်ဆောင်ပေးဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရွှေမြယာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကတော့ သူတို့အပေါ် စွပ်စွဲတိုင်ကြားထားတဲ့ကိစ္စကို စစ်ဆေးပြီး အရေးယူပေးဖို့ တောင်းဆိုထားကြောင်း၊ မှန်ကန်တဲ့အရေးယူမှုကို လုပ်ဆောင်မပေးပါက အုပ်ချုပ်ရေးတာဝန်တွေကို ဆက်လက်လုပ်ဆောင်မှာမဟုတ်ဘူးလို့ ပြောဆိုထားကြပါတယ်။

“ကျနော့် ရာအိမ်မှူးတွေကိုရော ဘယ်သူက ကာကွယ်ပေးမလဲ။ လာရောက်ရမ်းကားတဲ့သူတွေကို ကျနော်တို့အုပ်ချုပ်ရေးမှူးတွေကို ဘယ်သူက ကာကွယ်ပေးမလဲ။ ပြန်တင်ပြတဲ့အခါကျ အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်လည်းရောက်သွားရော ကျနော်တို့က တရားခံ တန်းဖြစ်နေတယ်။ လုပ်ချင်စိတ်ဆန္ဒလုံးဝမရှိတော့ဘူး။ ကျနော်တို့ကို တိုင်သူတွေကို ကျနော်တို့ဘက်က မှန်တယ်ဆိုရင် သူတို့ကို ဘယ်လို ပြန်အရေးယူပေးမှာလဲ ဥပဒေအရ မေးထားတယ်”လို့ ကိုဝေမိုးက ပြောပါတယ်။

အခုလိုဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ရွှေကို VOMက ဖုန်းနဲ့ဆက်သွယ်ရာ အစည်းအဝေးရှိလို့ နောက်မှပြန်ခေါ်ပါပြောတဲ့အတွက် နေ့လယ်ပိုင်းအချိန်မှာ အကြိမ်ကြမ်ပြန်လည်ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိတော့ပါဘူး။

အစိုးရက ထောက်ပံ့ပေးနေတဲ့ ငွေ၄၀၀၀၀ ကျပ်နဲ့ပတ်သက်ပြီး မှော်ဘီမြို့နယ်အပြင် ရန်ကုန်တိုင်းထဲက တခြားမြို့နယ်တွေမှာပါ ရပ်ကွက်နေထိုင်သူတွေနဲ့ အုပ်ချုပ်ရေးမှူးတွေအကြား အငြင်းပွားဖွယ်ရာကိစ္စရပ်တွေဖြစ်ပွားပြီး အုပ်ချုပ်ရေးမှူးတွေ ရာထူးကနေ နှုတ်ထွက်ဖို့ ဆန္ဒပြတောင်းဆိုတာတွေ၊ အုပ်ချုပ်ရေးမှူးရှေ့မှာ စုရုံးတောင်းဆိုတာတွေရှိနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြိး လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အုပ်ချုပ်ရေးမှူး ကိုနေမင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “ ခုပေးတဲ့ ၄၀၀၀၀ က နိုင်ငံတော်ထောက်ပံ့ငွေကို မရရင် ဒုက္ခရောက်ပါမယ်ဆိုတဲ့သူတွေ၊ ပုံမှန်ဝင်ငွေမရှိသူ၊ အမှန်တကယ် ဆင်းရဲတဲ့သူတွေကိုပေးတာပါ။ လူတိုင်းကိုမပေးဘူး။ အရင်က ထောက်ပံ့ကြေးတွေရထားတဲ့ လူဟောင်းတွေက စာရင်းပါပြီးသားရတယ်။ ထပ်တိုးတွေကိုသာ စိစစ်ပြီးထပ်ပေးတာပါ။ ရပ်ကွက်ပြောင်းသွားတဲ့သူတွေကိုလည်း လူဟောင်းစာရင်းကနေ ဖြတ်ထုတ်လိုက်တာမရှိဘူး။ အိမ်ပိုင် ကားပိုင်တွေရှိမယ်။ စားနိုင်သောက်နိုင်တဲ့သူတွေသာ ကျန်ခဲ့ပါမယ်။ အဲ့ဒီလိုလူတွေကသာ ကျနော်တို့မရပါဘူးဆိုပြီး တောင်းဆိုမယ်ဆိုရင်တော့ ဒါကြီးက နိုင်ငံတော်အနေနဲ့ အများကြီးထောက်ပံ့ထားတာ။ အကုန်းလုံးအဆင်ပြေအောင်ထောက်ပံ့ဖို့ကတော့ မလွယ်ပါဘူး”လို့ပြောပါတယ်။

ကိုဗစ်ကာလမှာ အစိုးရက ပထမအကြိမ် ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်ကုန် ထောက်ပံ့ခဲ့ပြီး ဒုတိယအကြိမ ်၊ တတိယအကြိမ်၊ စတုတ္တအကြိမ်မှာ ငွေသားထောက်ပံ့ခဲ့ပြီး ခုတစ်ကြိမ်မှာတော့ စတေးဟုမ်းသတ်မှတ်ထားတဲ့မြို့နယ်တွေကို ၄၀၀၀၀ နှုန်းနဲ့ ကျန်မြို့နယ်တွေကိုတော့ အရင်အတိုင်း ၂၀၀၀၀ ကျပ်ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။

Photo – Moe Lin
#voiceofmyanmar #VOM #မှော်ဘီ #ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ #ရာထူးကနုတ်ထွက်

Related posts

Leave a Comment

VOM News

FREE
VIEW