ထောက်ပံ့ကြေး ၄သောင်းကိစ္စနဲ့ အမျိုးသမီး ဆယ်အိမ်မှူးတစ်ဦး ဓားနဲ့အခုတ်ခံရ

နိုဝင်ဘာ ၂၃-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ လှိုင်သာယာအရှေပိုင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်မှာ ထောက်ပံ့ကြေးငွေလေးသောင်းပေးဖို့ စလစ်ဝေရာမှာ မရတဲ့အတွက် အမျိုးသမီး ဆယ်အိမ်မှူးတစ်ဦးကို အမျိုးသားတစ်ဦးက ဓါးနဲ့ခုတ်တဲ့ဖြစ်စဉ် မနေ့ နိုဝင်ဘာ၂၂ရက်က ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေပြောပြချက်အရ သိရပါတယ်။

“လှသောင်းလမ်းနဲ့ ဗိုလ်တာရာလမ်းဆုံမှာ ခေါကြီးက ဆိုင်ကယ်ပေါ်ကဆင်းပြီး စလစ်ဝေတာငါ့အိမ်မပါဘူးဆိုပြီး ဓားရှည်နဲ့ ခုတ်တာဗျ သေတော့မသေပါဘူး”လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်တဲ့ ဦးအေးထွန်းက VOMကို ပြောပါတယ်။

ဓါးနဲ့ခုတ်တဲ့သူဟာ ခေါကြီး(ခ)ဦးအောင်ကျော်ဝင်းဖြစ်ပြီး ဆယ်အိမ်မှူး ဒေါ်မြင့်မြင့်ချိုဟာ ခေါကြီးရဲ့နေအိမ်မှာ စလစ်ပေးခဲ့တာကို မသိရှိဘဲ ဓားရှည်နဲ့ခုတ်ခဲ့ခြင်းဖြစ်တယ်လို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်ကပြောပါတယ်။

“ထောက်ပံ့ကြေးကိစွမှာ မရှိတဲ့သူထက် လက်ဝတ်ရွှေတတောင်ဆစ်လောက်ရှိတဲ့သူတွေက ပိုလိုချင်တာ၊ မရှိဆင်းရဲသားကိုပေးတာ ပြောလည်းမရဘူး။ ပြောလိုက်ရင် နိူင်ငံတော်ကကြေညာထားတာ လူတန်းစေ့ဆိုတာနဲ့ကိုင်ပေါက်တယ်”လို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်ကပြောပါတယ်။

ဓားနဲ့ခုတ်ခံရတဲ့ ဆယ်အိမ်မှုးဒေါ်မြင့်မြင့်ချိုမှာ ဝဲတံတောင် အလျား(၁)လက်မခန့်၊ အနက်လက်မဝက်ခန့် ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိခဲ့တဲ့အတွက် လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်ကပြောပါတယ်။

ပြစ်မှုကျူးလွန်သူ ဦးအောင်ကျော်ဝင်း(ခ)ခေါလေးကို (ပ)၄၆၇၉/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၂၆အရ အမှုဖွင့်အရေးယူထားကြောင်း လှိုင်သာယာအရှေပိုင်းမြို့နယ်ရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက VOMကိုပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အမျိုးသမီးဆယ်အိမ်မှူး #ထောက်ပံ့ကြေးကိစ္စ #ဓါးနဲ့ခုတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW