ခရီးစရိတ် သိန်း ၁၂၀ မပေးတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး တိုင်ကြားခံရ

ဒီဇင်ဘာ ၄-၂၀၂၀၂
သူရိန်(VOM)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ကိုဗစ်ထိန်းချုပ်ကာလ ပထမဆုံး နိုင်ငံတော်က ပစ္စည်း ၅ မျိုး ထောက်ပံ့မှုအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုပေးရမယ့် ခရီးစရိတ် ငွေကျပ်သိန်း ၁၂၀ ကို ၅ လ ကြာတဲ့အထိ မပေးသေးတဲ့ မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားတယ်လို့ သိရပါတယ်။

“နိုင်ငံတော်က ပစ္စည်း ၅ မျိုး ထောက်ပံ့တာ လမ်းစရိတ်၊ ခရီးစရိတ်တွေပါတယ်။ ဒါကို မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းက ၅ လကြာတဲ့အထိ လက်ဝယ်ထားရှိထားတာ။ ကျွန်တော့်ကို ကျေးရွာတွေက လှမ်းပြီး ပြောကြတာ။ သူတို့က မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ဆိုတော့ မတိုင်ရဲကြဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော်ကတိုင်တာ”လို့ တိုင်ကြားသူ ဦးစိုးမင်းရှိန်က ပြောပါတယ်။

မအူပင်မြို့နယ်အတွင်းက ကျေးရွာအုပ်စု (၈၈) အုပ်စု၊ မြို့ပေါ် (၁၂)ရပ်ကွက်ကို နိုင်ငံတော်က ပစ္စည်း ၅ မျိုး ထောက်ပံ့ရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအတွက် သယ်ယူစရိတ်ကျပ်သိန်း ၁၂၀ ထုတ်ပေးထားပေမယ့် မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းကသူ့ လက်ဝယ်မှာ ၅ လကြာသိမ်းထားတဲ့အတွက် အခုလိုတိုင်ကြားခံရတာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ဒီကိစ္စအတွက် ခရိုင်ရုံးကခေါ်စစ်ဆေးခံထားရပါတယ်၊ ကျွန်တော့ဘက်ကတော့ ပြောစရာမရှိပါဘူး။ တိုင်တဲ့သူ့ဘက်ကတင်ပြတာ တင်ပြတဲ့တစ်ပိုင်းဖြစ်ပါတယ်၊ ကျွန်တော်ကလည်း တင်ပြချက်အပေါ်မှာတော့ ကျွန်တော်တို့ကတာဝန်ပိုင်းအရဆောင်ရွက်ပေးရမယ့်ဟာ ဆက်သွားမှာဖြစ်ပါတယ်”လို့ မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းကပြောပါတယ်။

တိုင်တန်းခဲ့မှုအပေါ် မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး‌တွေကိုယ်စား တိုင်တန်းသူ မအူပင်ကျော်လွှား (ခ) ဦးစိုးမင်းရှိန်တို့ကို မအူပင် ခရိုင်အဆင့်က ကော်မတီတစ်ခုဖွဲ့ပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မအူပင်

Related posts

Leave a Comment

VOM News

FREE
VIEW