သူတောင်စား မဟုတ်တဲ့ စစ်ကိုင်းမြို့ မြရတနာရပ်ကွက်က စွန့်စားသူများ

စစ်ကိုင်း၊ ဒီဇင်ဘာ- ၂၂- ၂၀၂၀
ရှိုင်းအောင်(VOM)
ကိုဗစ်ကာလမှာ အခက်အခဲတွေရှိတာကြောင့် စစ်ကိုင်းတောင်ခြေက မြစင်္ကြာကျောင်းတိုက်က စွန့်ကျဲတဲ့ ဆွမ်းထမင်း၊ ဟင်းတွေကို လာယူရာကနေ လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့တာကြောင့် စစ်ကိုင်းမြို့ရဲ့ တာဝန်ရှိသူတွေက မေတ္တာရပ်ခံပြီး ရွာမှာ အထောက်အပံ့တွေပေးဝေနေရပါတယ်။
လက်ရှိမှာ စေတနာရှိတဲ့ အလှူရှင်တွေရှိလာတာကြောင့် စားဝတ်နေရေး အဆင်ပြေမှုရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီမြရတနာရပ်ကွက်မှာ လူဦးရေ ၁၇၀၀ နီးပါးရှိပြီး ၇၀ ရာခိုင်နှုန်းလောက်ကတော့ အခြေခံလူတန်းစားတွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့က မြရတနာရပ်ကွက်ဖြစ်တည်လာတာကတော့ စစ်ကိုင်းမြို့၊ စည်းခုံကြီးဘုရားအနီးမှ အိမ်ခြေအနည်းငယ်သာရှိတာကြောင့် ၅ အိမ်တန်းလို့လူသိများတဲ့ အနာကြီးရောဂါခံစားရတဲ့ လူနည်းစုဟာ ၁၉၉၀ ခုနှစ်ဝန်းကျင်လောက်မှာ ရွှေမင်းဝံရပ်ကွက်ရဲ့ အရှေ့ဘက်ခြမ်းကို နိုင်ငံတော်အစိုးရရဲ့ အမိန့်နဲ့ ရွှေ့ပြောင်းနေထိုင်ကြခဲ့ရပါတယ်။
၁၉၉၂ ခုနှစ် မှာတော့ အဲ့ဒီ ရွှေမင်းဝံရပ်ကွက်ကနေ မြောက်ဘက်အခြမ်း စက်မှုဇုံဘက်မှာ မြရတနာရပ်ကွက်လို့ နာမည်ပေးပြီး ရွှေ့ပြောင်းနေထိုင်ခဲ့ကြရတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ မြရတနာရပ်ကွက်က အိမ်ထောင်စု ၂၅၀ အတွက် မြေအကွက်တွေကို ဂရန်ချပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မြရတနာရပ်ကွက်မှာ ပန်းရံ၊ လက်သမား၊ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ သူတွေရှိသလို ရေသန့်ဘူးခွံကောက်တဲ့လုပ်ငန်းတွေနဲ့ တောင်ရမ်းစားသောက်သူ တချို့ရှိတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့က စစ်ကိုင်းမြို့၊ မြရတနာရပ်ကွက်ကို ဆန်နဲ့ တခြားစားသောက်ကုန်လှူဒါန်းတဲ့အဖွဲ့ကို မြို့အဝင် ဝင်ထွက်ခွင့် စစ်ဆေးတဲ့ဂိတ်မှာ ထောက်ခံစာမပြနိုင်တာကြောင့် မှားယွင်းဒဏ်ရိုက်ခဲ့မိတဲ့အတွက် မြို့ခံတစ်ယောက်အနေနဲ့ တောင်းပန်ကြောင်းနဲ့ စစ်ကိုင်းမြို့ဝင်အထွက် စစ်ဆေးရေးဂိတ်နဲ့ မြို့ထဲမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဒဏ်ကြေးကောက်ခံတဲ့ အစီအစဉ်မရှိတော့ဘူးလို့လည်း မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးစိုးဝင်းက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW