မြန်မာအပါအဝင် တရားမဝင်လုပ်သားတွေကို မှတ်ပုံတင်ပေးဖို့ ထိုင်းပြည်ထဲရေး စီစဉ်နေ

ဘန်ကောက်၊ ဒီဇင်ဘာ၂၉-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိုထိန်းချုပ်ဖို့ အားထုတ်မှုတစ်ခုအဖြစ် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှ တရားမဝင်ရွှေ့ပြောင်းလုပ်သား တစ်သန်းကျော်ကို တရားဝင်မှတ်ပုံတင်ပေးဖို့အတွက် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရဖို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက လုပ်ဆောင်နေတယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၂၉ ရက်နှောင်းပိုင်းမှာပြုလုပ်မယ့် အစိုးရအဖွဲ့ အပတ်စဉ်အစည်းအဝေးမှာ ခွင့်ပြုချက်ရရှိဖို့အတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက တင်ပြသွားမှာဖြစ်ပါတယ်။

အဲ့ဒီအစီအစဉ်ကို အစိုးရအဖွဲ့က အတည်ပြုမယ်ဆိုရင် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ – ၁၇ ကို အသုံးပြုပြီး တရားမဝင်အလုပ်သမားတွေကို မှတ်ပုံတင်ပေးနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီ ပြုပြင်ပြောင်းလဲမှုဟာ ယမန်နေ့မတိုင်မီက ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှ တရားမဝင်လုပ်သားတွေအတွက်သာ အကြုံးဝင်မှာဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်မှ ဝင်ရောက်လာသူတွေ မပါဘူးလို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ဒီလိုလုပ်ဆောင်မှုဟာ နိုင်ငံအတွင်းက တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေကို ခြေရာခံရေးမှာ အထောက်အကူဖြစ်စေဖို့ရည်ရွယ်ထားပြီး အစိုးရရဲ့ ဗိုင်းရပ်စ်ထိန်းချုပ်ရေးအစီအစဉ်အတွက်လည်း အကျိူးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား ၂ ဒသမ ၃ သန်းကနေ ၂ ဒသမ ၅ သန်းအကြားရှိနေပြီး တရားမဝင်လုပ်သားတစ်သန်းကျော်ရှိမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

Ref: Bangkok Post
Photo: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW