တပ်မတော်အနေနဲ့ မဲစာရင်းမှားယွင်းမှုတွေကို ဥပဒေအတိုင်းကန့်ကွက်သွားမယ်

ဒီဇင်ဘာ ၃၀-၂၀၂၀
ကိုထွန်း(VOM)

တပ်မတော်အနေနဲ့ မဲစာရင်းမှားယွင်းမှုတွေကို ဥပဒေအတိုင်းကန့်ကွက်သွားမယ်လို့ မနေ့ ဒီဇင်ဘာ ၃၀ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောခဲ့တာဖြစ်ပါတယ်။

“တပ်မတော်က သုံးခုထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်၊ ထုတ်ပြန်ချက်သုံးခုမှာ ကျွန်တော်တို့ စာရင်းဇယားတွေနဲ့ဖော်ပြပြီးဖြစ်ပါတယ်၊ အဓိက ကတော့ လက်ရှိ တိုင်းဒေသကြီး၊ပြည်နယ်၊မြို့နယ်တွေမှာရှိတဲ့ မဲဆန္ဒရှင်စာရင်းတွေကိုပေးထားတဲ့ မဲဆန္ဒရှင်စာရင်းတွေရှိပါတယ်၊ အချို့ကို မဲစာရင်းကြေညာတဲ့ မဲဆန္ဒနယ်ကတော့ တိုင်းဒေသကြီး၊ပြည်နယ်၊မြို့နယ်တွေမှာရှိတဲ့ မဲဆန္ဒရှင်စာရင်းတွေကို မဲစာရင်းကြေညာပြီးမှမရတာတွေလည်း ရှိတယ်၊ ပါတီတွေကိုပေးခဲ့တာတွေရှိတယ်၊ PDF ဖိုင်တွေနဲ့ဟာတွေရှိတယ်၊ ကျွန်တော်တို့က PDF ဖိုင်မှတဆင့် Excel ဖိုင်အဖြစ်ပြောင်းတယ်၊ Excel ဖိုင်အဖြစ်ပြောင်းပြီး စစ်ဆေးတယ်၊ အများအားဖြင့်မူတည်တာကတော့ လူတစ်ယောက်ရဲ့ It သည် မြန်မာနိုင်ငံမှာတော့ မှတ်ပုံတင်နံပါတ်၊ မှတ်ပုံတင်ကတ်ဖြစ်ပါတယ်၊ အဲ့ဒီမှတ်ပုံတင်ကတ်တွေကိုပဲ ကျွန်တော်တို့အဓိကထားပြီး စစ်ဆေးခဲ့ပါတယ်၊ အဲ့ဒီလိုစစ်ဆေးတဲ့အခါမှာ မှတ်ပုံတင်ကတ်တွေ ထပ်နေတာကိုတွေ့ရတယ်၊ ဒါနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်သွားမှာကတော့ ဥပဒေအတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်”လို့ ဗိုလ်ချူပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ ထုတ်နေတာကို တွေ့ရပြီး အဲ့ဒီထုတ်ပြန်မှုဟာ ဘာအတွက်ထုတ်ပြန်တာပါလဲ၊ ထုတ်ပြန်ရုံတင်ထုတ်ပြန်မှာလား ဘာတွေလုပ်မှာလဲ၊ ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်တာလားဆိုတာကို ရှင်းရှင်းလင်းလင်းသိလိုပါကြောင်း သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးကအထက်ပါအတိုင်းမေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ” ဥပဒေအတိုင်းဆောင်ရွက်မယ်ဆိုတာက လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ-၆၈(က)၊ နည်းဥပဒေ ၈၇ အရဆိုရင် ယှဉ်ပြိုင်အရွေးခံတာကို မည်သည့်မဲဆန္ဒရှင်ကမဆို ကန့်ကွက်နိုင်တယ်လို့ဆိုထားတာကြောင့် အဲ့ဒီမဲဆန္ဒနယ်မှာ ဆန္ဒမဲပေးခဲ့တဲ့ တပ်မတော်သားတွေအနေနဲ့ မဲဆန္ဒရှင်အနေနဲ့ ကန့်ကွက်လွှာတင်သွင်းခြင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

အခုလို ကန့်ကွက်လွှာတင်သွင်းခြင်းကို ကြံ့ခိုင်ရေးပါတီကလည်း လုပ်ဆောင်နေတာဖြစ်လို့ တပ်မတော်နဲ့ကြံ့ခိုင်ရေးကြားမှာ ပူးပေါင်းတာ ဒါမှမဟုတ် ဘာတွေများရှိပါသလဲဆိုတဲ့မေးမြန်းမှုကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပူးပေါင်းဆောင်ရွက်တာမရှိပါဘူး၊ တပ်မတော်အနေနဲ့ကတော့ တွေ့ရှိချက်တွေကို လိုအပ်ရင် လိုအပ်သလိုပြောသွားမှာဖြစ်တယ်၊ ကျွန်တော်သတင်းစာရှင်းလင်းပွဲတွေမှာပြောခဲ့သလို တပ်မတော်သားမဲဆန္ဒရှင်တွေ မဲပေးခဲ့တဲ့နယ်မြေတွေမှာ အခုလိုလုပ်ဆောင်ခြင်းဖြစ်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #တပ်မတော် #ရွေးကောက်ပွဲ #ကန့်ကွက်လွှာတင်သွင်းမှု

Related posts

Leave a Comment

VOM News

FREE
VIEW