ပဲခူးတိုင်းမှာ ရွေးကောက်ပွဲကုန်ကျစရိတ်မတင်တဲ့ ကိုယ်စားလှယ်လောင်း ၈ ဦးရှိ

ဒီဇင်ဘာ ၃၁-၂၀၂၀
သိင်္ဂီထွန်း(VOM)

ပဲခူးတိုင်းမှာ ရွေးကောက်ပွဲကုန်ကျစရိတ်မတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း ၈ ဦးရှိခဲ့တယ်လို့ ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းမရှိတဲ့ ကိုယ်စားလှယ်တွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကနေ အမည်ပျက်စာရင်းသွင်းမှာဖြစ်ပြီး အဲ့ဒီကိုယ်စားလှယ်တွေဟာ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိတော့ဘဲ လာမယ့် ၂၀၂၅ ခုနှစ်ရောက်မှသာ ယှဉ်ပြိုင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။

“ပြည်သူလွှတ်တော်မှာက ၁၂၄ ရှိတယ်၊ တင်သွင်းတာက ၁၂၁ ဆိုတော့ ၃ ဦးကမသွင်းဘူးပေါ့။ အမျိုးးသားမှာက ၃၆ ယောက်ရှိတာ အကုန်တင်သွင်းတယ်၊ နောက်ပြီး တိုင်း-၁ မှာက ၁၂၉ ရှိတယ်၊ တင်သွင်းတာက ၁၂၇ ဆိုတော့ ၂ ယောက်က မတင်သွင်းဘူးပေါ့။ တိုင်း-၂ မှာက ၁၃၃ ရှိတယ်၊ ၁၃၀ ပဲသွင်းတော့ ၃ ဦးက မတင်သွင်းဘူးပေါ့။ ကရင်မှာတော့ ၇ဦးရှိတာကို ၇ ဦးလုံး အကုန်တင်သွင်းတယ်။ တင်သွင်းဖို့ကျန်တာ အားလုံးပေါင်းက ၈ ဦး ရှိတာပေါ့”လို့ ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးထွန်းထွန်းလှိုင်ကပြောပါတယ်။

ရွေးကောက်ပွဲကုန်ကျစရိတ်မတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ပြည်သူ့ရှေ့ဆောင်ပါတီ ppp ၊ ကရင်ပြည်သူ့ပါတီ၊ အခြေခံလူတန်းစားဘဝမြှင့်မားရေး၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ မတူကွဲပြားရေးနှင့်ညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေပဲဖြစ်ပါတယ်။

ဒါကြောင့် PPP ပါတီရဲ့ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသက်သက်ခိုင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ “ကျွန်မတို့ကတော့ ဥပဒေနဲ့အညီ သင်တန်းတွေလည်းပေးတယ်၊ တင်လည်းတင်ခိုင်းတယ်။ တင်သွင်းခြင်း မတင်သွင်းခြင်းက ကာယကံရှင်ကိုပဲမေးပါ။ ကိုယ်စားလှယ်လောင်းဆိုတာ လူကြီးတွေ ဖြစ်နေပြီ၊ ကျွန်မတို့က ဥပဒေအတိုင်းလုပ်နိုင်အောင် ပါတီကပံ့ပိုးပေးတယ်။ မတင်တဲ့သူကိုတော့ မှတ်ချက်ရေးထားပါတယ်။ ကိုယ်စားလှယ်တစ်ယောက်က ရွေးကောက်ပွဲစားရိတ်တင်သွင်းခြင်းမတင်သွင်းခြင်းက ဘာအရေးကြီးလို့လဲ။ ကာယကံရှင်ရဲ့သဘောပါပဲ”လို့ ပြောပါတယ်။

ကိုယ်စားလှယ်လောင်းအမည်စာရင်းကြေညာတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်းမှာ ရွေးကောက်ပွဲကုန်ကျစရိတ်ကို တင်သွင်းရမယ်လို့ ကော်မရှင်အဖွဲ့ခွဲကနေ တရားဝင်အသိပေးထုတ်ပြန်ထားပေမယ့် အဲ့ဒီ ၈ ဦးကတော့ လာရောက်တင်သွင်းခြင်းမရှိခဲ့တာဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ရွေးကောက်ပွဲကုန်ကျစရိတ် #မတင်တဲ့ကိုယ်စားလှယ်

Related posts

Leave a Comment

VOM News

FREE
VIEW