ဖမ်းဆီးခံ တောင်ကုတ်အမတ် (၃) ဦးကို ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆို

ဒီဇင်ဘာ ၃၀- ၂၀၂၀
ထက်အောင်စိုင်း (VOM)

အေအေအဖွဲ့က ဖမ်းဆီးထားတဲ့ တောင်ကုတ်မြို့နယ် NLD အမတ် (၃) ဦးကို ပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြည်နယ်ဗဟို အလုပ်မှုဆောင်အဖွဲ့က မနေ့ ဒီဇင်ဘာ ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အခုလိုမျိုး NLD ပါတီဖက်က တောင်းဆိုထားတာဟာ ပြီးခဲ့တဲ့ လပိုင်းက တစ်ကြိမ်နဲ့ အခုတစ်ကြိမ်ဆိုလျှင် နှစ်ကြိမ်မြောက် တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ဆက်စပ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က “ အဲ့ဒါကတော့ ရခိုင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ထုတ်ပြန်တဲ့ဟာဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ ရှေ့အနာဂတ်မှာ နိုင်ငံတော်ကို ညီညွှတ်တဲ့ အမျိုးသားညီညွှတ်ရေး အစိုးရတစ်ရပ်အနေနဲ့ သွားမယ်။ တိုင်းရင်းသားတွေအားလုံးက မျှော်လင့်ထားတဲ့ ဒီမိုကရေစီပြည်ထောင်စုထူထောင်ဖို့အတွက်လည်း လိုလားတယ်။ အဲ့ဒီဟာတွေကို အခြေခံပြီးတော့ တိုင်းရင်းသားပါတီ (၄၈) ပါတီကို ဆွေးနွေးဖို့ဖိတ်ခေါ်တယ်။ ညှိနှိုင်းကြမယ်။ အလုပ်လုပ်ကြမယ်ပေါ့။ တိုင်းရင်းသားပါတီတွေအားလုံးကလည်း အပြုသဘောနဲ့ တုန့်ပြန်ကြပါတယ်။ အေအေအဖွဲ့အနေနဲ့လည်း သူဖမ်းထားတဲ့ ကိုယ်စားလှယ်သုံးယောက်ကို လွှတ်ခြင်းအားဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရကို အမျိုးသားညီညွှတ်ရေးအတွက် အတူတူပါဝင်ဖို့ကို ထုတ်ထားကြေညှာချက်လို့ ကျနော်သဘောပေါက်ပါတယ်”လို့ ပြောပါတယ်။

ထုတ်ပြန်ချက် ဒုတိယအပိုဒ်မှာ ဖော်ပြထားတဲ့ ” နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမယ့် ပြည်ထောင်စုအရေးကိစ္စ”ဟူသည့် ခေါင်စဉ်နဲ့ တိုင်းရင်းသားပါတီတွေဆီကို စာပေးပို့ခဲ့တာကြောင့် ဒီဇင်ဘာ ၁ ရက်နေ့မှာ ရခိုင်အမျိုးသားပါတီက NLDကို ပြန်လည်ပြီး သဘောထားပြန်ကြားခဲ့တာဖြစ်ကြောင်းကိုလည်း ဖော်ပြထားတာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက “ ရခိုင်ပြည်နယ်မှာ ပြည်တွင်းစစ်ကြောင့် နှစ်ဖက်လက်နက်ကိုင်တွေဆီမှာ ဖမ်းဆီးခံရတဲ့ လူပုဂ္ဂိုလ်တွေက အများကြီးရှိပါတယ်။ အသက်ဆုံးရှုံးသွားတဲ့ လူတွေလည်းအများကြီးရှိတယ်။ ဒဏ်ရာရသူတွေ၊ နေရပ်စွန့်ခွာထွက်ပေးနေရတဲ့ ရခိုင်ပြည်သူတွေလည်း အများကြီးရှိပါတယ်။ ဒါတွေက ပြည်တွင်းစစ်ကြောင့် ဖြစ်နေတဲ့ ပြဿနာတွေဖြစ်တယ်။ အဲ့ဒီပြည်တွင်းစစ်ပြဿနာမှာ တစ်စုံတစ်ရာ အပြစ်မရှိတဲ့လူတွေဟာ ဖမ်းဆီးခံရ၊ မတရားတရားစွဲခံရ၊ မတရားအကျဉ်းကျခံရတဲ့ ပုံစံမျိုးတွေရှိနေတာကတော့ ကောင်းတဲ့လက္ခဏာတွေ မဟုတ်ဘူးလို့ ပြောလိုပါတယ်” လို့ မှတ်ချက်ပေးပြောဆိုပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့ NLD ရဲ့ထုတ်ပြန်ချက် နောက်ဆုံးအပိုဒ်မှာတော့ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ် အောင်မြင်စွာ တည်ဆောက်ပေါ်ထွန်းရေးအတွက် အခွင့်အလမ်းအကောင်းဆုံး အချိန်အခါဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

ဒါကြောင့် အေအေအဖွဲ့အနေနဲ့ နိုင်ငံအတွက် ကြီးမားလှတဲ့ အခွင့်အလမ်းကောင်းတစ်ရပ်ကို လက်လွှတ်ဆုံးရှုံးမခံဘဲ လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အမြန်ဆုံးလွှတ်ပေးတာဟာ “ နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ”အတွက် များစွာအကျိုးဖြစ်ဖို့ ယုံကြည်ကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်လက်ပြီး ဖမ်းဆီးခံထားရတဲ့ အမတ်လောင်းတွေရဲ့ မိသားစုဝင်တွေအနေနဲ့ လွန်စွာ စိုးရိမ်ပူပန်သောကရောက်လျက်ရှိကာ အေအေအနေနဲ့ ဖမ်းထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အနူးအညွှတ် တိုက်တွန်းနှိုးဆော်ပါကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က “ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေကတော့ အခုအချိန်ထိပြန်မလွှတ်သေးလို့ အားလုံးသိတဲ့အတိုင်းပဲ စိတ်ပူနေကြတာပေါ့။ ရိုးရိုး အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့သူတွေကို စိတ်ပူတာထက်တောင် သူတို့မိသားစုဝင်တွေက ပိုပြီးစိတ်ပူပါတယ်။ အခုလို နေရာမျိုးမှာ အဖမ်းခံထားရတဲ့အခါ စိတ်ပူတာပေါ့။ ဒါလည်း သဘာဝကျပါတယ်။ အဲ့ဒီဟာတွေအတွက်လည်း ကျနော်တို့က စာနာကြရမှာလေ။ နောက်တစ်ခု ဒါက ကိုယ့်ရခိုင်အမျိုးသားအချင်းချင်းကို ဖမ်းဆီးတာဖြစ်တယ်။ တိုင်းတစ်ပါးကို ဖမ်းဆီးတာမျိုးမဟုတ်ဘူး”လို့ သူ့ရဲ့ ထင်မြင်ချက်ကို ပြောပါတယ်။

မနေ့ကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မသုံးထားတာကိုလည်း တွေ့ရပါတယ်။

တောင်ကုတ်က လွှတ်တော်အမတ်လောင်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ဖောင်းခါးကျွန်းပေါ်မှာ ရွေကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်ဖို့သွားချိန် အေအေအဖွဲ့ဝင် (၄) ဦးက ဖမ်းဆီသွားတာဖြစ်ပြီး အခုချိန်ထိဆိုရင် ဖမ်းဆီးခံထားရတာဟာ (၂) လ နီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင် ပြည်နယ်အလုပ်မှုဆောင်အဖွဲ့ တာဝန်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

NLD ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်းထိ အေအေဖက်က ပြန်လည်တုန့်ပြန်ကြေညာတာ မရှိသေးပါဘူး။

#voiceofmyanmar #VOM #တောင်ကုတ် #အမတ်တွေလွှတ်ပေးဖို့ #ထပ်မံတောင်းဆို

Related posts

Leave a Comment

VOM News

FREE
VIEW