မီးရထားဘူတာရုံမှာ အသုံးပြုတဲ့ ဆက်သွယ်ရေးစကားပြောစက်တွေ ခိုးယူခံရ

ဒီဇင်ဘာ ၃၀-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မန်ကျည်းဘုတ်ကျေးရွာ၊ ချောင်းဦး – ပခုက္ကူ မီးရထားလမ်းပိုင်း မန်ကျည်းဘုတ် မီးရထားဘူတာရုံမှာ တပ်ဆင်အသုံးပြုနေတဲ့ မီးရထားဝန်ကြီးဌာနပိုင် ဆက်သွယ်ရေး စကားပြောစက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖောက်ထွင်း ခိုးယူခံရတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မြောင်မြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

” ရုံပိုင်ကြီး မြောင်ကိုသွားနေခိုက် သူ့ရုံးခန်းကို ဖောက်ထွင်း ခိုးခံရတယ်လို့တော့ ကြားတယ်” လို့ မန်ကျည်းဘုတ်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

မီးရထား ရုံပိုင်ကြီးဟာ ဒီဇင်ဘာ ၂၈ မနက်က ရုံးလုပ်ငန်းကိစ္စတွေ လုပ်ဆောင်ဖို့ မြောင်မြို့နယ် စာရင်းဦးစီးဌာနရုံးကို သွားရောက်ပြီးအပြန် ရုံးခန်းကိုဝင်ရောက်တဲ့အခါ ပြတင်းတံခါးပွင့်နေပြီး ရုံးခန်းထဲမှာထားတဲ့ ရထားပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးတပ်ဆင်အသုံးပြုနေတဲ့ ဆက်သွယ်ရေးစကားပြောစက် (အထိုင်စက်) နဲ့ အဲ့ဒီ စက်ကို ချိတ်ဆက်အသုံးပြုရတဲ့ ဘက္ထရီအိုး ခိုးယူခံထားရတာကို တွေ့ရတယ်လို့ သိရပါတယ်။

” ခိုးယူခံရတဲ့ ဆကသွယ်ရေးစက်က I.con အမျိုးအစား F-1020- 2/C2332 ဖြစ်တယ်၊ တန်ဖိုးငွေ ၃ သိန်းကျပ်နဲ့ 70 AH TOYO ဘက္ထရီအိုး ၁ လုံး တန်ဖိုးငွေ ၁ သိန်းကျပ်ဖြစ်တယ်”လို့ မြောင်မြို့ရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ရထားပို့ဆောင်ရေးလုပ်ငန်းမှာ အခုလို ဆက်သွယ်ရေးစကားပြောစက် ခိုးယူခံရတာကြောင့် ရထားလမ်းကြောင်း ရှင်းလင်းရာမှာ ဆက်သွယ်ဖို့ အခက်အခဲတွေ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တယ်လို့ မီးရထားရုံပိုင်ဟောင်း ဦးသောင်းမြင့်က သုံးသပ်ပြောပါတယ်။

အဲ့ဒါကြောင့် မီးရထားရုံပိုင်ကြီးက မြောင်မြို့မရဲစခန်းကို သွားရောက်တိုင်တန်း အမှုဖွင့်ခဲ့ပြီး ရဲစခန်းက (ပ)၁၂၃/၂၀၂၀၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေပုဒ်မ-၆(၁) အရ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြောင် #မီးရထားရုံးအတွင်း #စကားပြောစက်အခိုးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW