ဘုရားဖူးမရောက်လို့ ကျောက်တော်တောင်က မျောက်တွေ အစာငတ်

ဇန်နဝါရီ ၂၀ -၂၀၂၁
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းက ကျောက်တော်မြို့တစ်ဖက်ကမ်းက ဘုရားတောင်ပေါ်မှာ နေထိုင်နေတဲ့ ထောင်နဲ့ချီ မျောက်တွေဟာ အစားအစာ အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဘုရားဂေါပဂတွေနဲ့ မျောက်အစာရောင်းတဲ့ ဈေးသည်တွေဆီကနေ သိရပါတယ်။

ဘုရားဖူးခရီးသည်တွေ မလာရောက်တဲ့ အဓိကအကြောင်းအရင်းဟာ တောင်ပေါ်မှာ စခန်းချနေထိုင်နေတာတွေရှိနေတာဖြစ်ပြီး အရင်က အဲ့ဒီမျောက်တွေဟာ ကစ္ဆပနဒီတံတားပေါ်အထိ အစားအစာတွေ လာရောက်ရှာဖွေကြတာဖြစ်ပါတယ်။

ဘုရားဖူးခရီးသည်တွေကို မှီခိုပြီး အသက်ရှင်သန်နေရတဲ့ မျောက်တွေဟာ လက်ရှိမှာ အစာငတ်နေကြပြီး လက်ရှိအချိန်မှာတော့ မြက်တွေကိုပဲ စားနေကြရတာကြောင့် အစားငတ် သေဆုံးမှုတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ဘုရားဂေါပကတွေက ပြောပါတယ်။

ကျောက်တော်တောင်ပေါ်က ဘုရားဂေါပဂအဖွဲ့ဝင်တစ်ဦးက ” မျောက်တွေကတော့ ဒီလိုရှာစားနေကြတာပါပဲ။ တံတားကိုသွားတယ် လူတွေဆီက အစာတောင်းတယ်။ ခရီးသည်တွေမှာပါတဲ့ အစား၊ အစာတွေ ကျွေးကြတယ်။ ကားတိုက်လို့လည်း သေခါသေကြတယ်”လို့ ပြောပါတယ်။

အဲ့ဒီမျောက်တွေဟာ အရင်ကတည်းက ကျောက်တော်ဘုရားတောင်မှာ မှီတင်းနေထိုင်ကြတာဖြစ်ပြီး လက်ရှိမှာ မျောက်အကောင်ရေ (၁၀၀၀) နီးပါးအထိရှိကြောင်းနဲ့ တခါတလေ မျောက်အစာရောင်းတဲ့သူတွေဆီက လုယူစားသောက်ကြတယ်လို့လည်း သိရပါတယ်။

ဘုရားတောင်ပေါ်မှာ မျောက်အစာရောင်းတဲ့ အမျိုးသမီးတစ်ဦးပြောတာက” မျောက်တွေက အစာမစားရတော့ ခရီသည်တွေကို ရောင်းဖို့ မျောက်စာတွေကိုခိုးစားတယ်။ အိမ်မှာ ထမင်းတွေ၊ ဆန်တွေအကုန်လုံးကိုစားတယ်။ မျောက်တွေက အစာငတ်တော့ ကျောကုန်းပေါ်တက်ပြီး အစာတွေ လုယူစားသောက်ကြတယ်။ မျောက်တွေအကြောင်းကို တွေးကြည့်ရင်တော့ တကယ့်ကို ကြေကွဲစရာပါ”လို့ ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေရပ်စဲနေပေမယ့်၊ ကိုဗစ်ကပ်ဘေး စည်းမျဉ်းစည်းကမ်းတွေကြောင့် ဘုရားဖူခရီးသည်တွေလည်း လာရောက်မှုမရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်တော် #မျောက်တွေ #အစာငတ်

Related posts

Leave a Comment

VOM News

FREE
VIEW