မြဝတီဆရာတော်ကို လူဝတ်လဲပြီးရုံးထုတ်စစ်ဆေး

မန္တလေး-ဖေဖေါ်ဝါရီ ၃-၂၀၂၁

Voice Of Myanmar

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသဘိဝံသ ဟာ တပ်မတော်ကို ဝေဖန်တဲ့စကားတွေ ရန်ကုန်ခေတ်သစ်မီဒီယာမှာ ဖြေကြားခဲ့လို့ဆိုပြီး ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတဲ့ အမှုအတွက် လူဝတ်လဲပြီး ရုံးတင်စစ်ဆေးတာဖြစ်ပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့က မန္တလေးစစ်မြေပြင်အင်ဂျင်နီယာတပ်ကဒုဗိုလ်မှူးကြီးသော်တာထွေးကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားလိုလုပ်ပြီး ဆရာတော်ကို တရားစွဲဆိုခဲ့ပြီး အာမခံပေးထားခဲ့ရာက တပ်မတော်က အာဏာသိမ်းပြီးနောက်မှ ဖမ်းဆီးလူဝတ်လဲလိုက်တာဖြစ်ပါတယ်။

“ ဇွန်လ ၁၇ ရက်တုန်းက တပ်မတော်အရာရှိကြီးတဦးကနေ မဘသနာမည်ပြောင်းတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကိုသိန်း၃၀၀လှူတဲ့အပေါ် ခေတ်သစ်မီဒီကမေးလို့ ဘုန်းကြီးသဘောထားကိုဖြေလိုက်တယ် အဲဒါကို ဇွန်လ ၂၁ ရက်က သတင်းဌာနကတင်တယ် ဒီကိစ္စ ဘုန်းကြီးက စစ်တပ်ကို ဂုဏ်သရေညိုနွမ်းအောင် နစ်နာအောင်အကြံနဲ့ လုပ်တယ်ဆိုတဲ့ သဘောနဲ့ တရားစွဲတယ်လို့ ပြောတာပဲ ၊ ဒါတွေဘုန်းကြီးပြောသလားဆိုပြီး ရဲကလာမေးတယ်။ ဘုန်းကြီးပြောတယ်လို့ဖြေလိုက်တယ်၊ တဖက်က သူတို့နစ်နာအောင်လုပ်တယ်လို့ဆိုတာကတော့ ဘုန်းကြီးက အဲလို ရည်ရွယ်ချက်နဲ့ပြောတာ မဟုတ်ဘူးလို့ ငြင်းလိုက်ပါတယ်။” လို့ ဆရာတော်က VOM ကို မိန့်ခဲ့ဘူးပါတယ်။

ဆရာတော် ခေတ်သစ်မီဒီယာကို မိန့်လိုက်တဲ့ စကားလုံးအပြည့်အစုံကတော့

“ဘုန်းဘုန်းတို့သုံးသပ်ချင်တာကဒီအဖွဲ့အစည်းကပြည်သူအများစုကဒီမိုကရေစီလမ်းကြောင်းကိုဖျက်ဆီးနေတဲ့စစ်အုပ်စုကငွေကြေးထောက်ပံ့မှုတွေအများကြီးရရှိနေတဲ့၊ဝိနည်းတော်နဲ့မညီတဲ့အုပ်စုလို့ပြောချင်ပါတယ်။ဘုန်းကြီးတို့ဝိနည်းတော်မှာဒါနပလလိုခေါ်တယ်။မင်းကျွမ်းဝင်ဆိုတာရှိတယ်။မင်းနဲ့ရောရောထွေထွေနေရင်သိပ်မကောင်းတက်ဘူးပေါ့။အခုသူကမင်းကျွမ်းဝင်တောင်မဟုတ်ဘူး။ပြောမကောင်းဘူး။စစ်တပ်ဆိုတာသမိုင်းကောင်းတဲ့စစ်တပ်မှာမဟုတ်တာ။သူများနိုင်ငံတွေလိုပြည်သူထဲကဖြစ်တဲ့ပြည်သူစစ်တပ်သား၊မဟုတ်ဘူး။နောက်ပြီးသမ္မတအမိန့်နာခံတဲ့ပြည်သူ့စစ်တပ်မဟုတ်ဘူး။အရင်ကတည်းကစစ်တပ်ကလက်နက်တစ်ခုတည်းနဲ့အနိုင်ကျင့်ပြီးတိုင်းပြည်ကိုလုပ်ချင်သလိုလုပ်လာတဲ့စစ်တပ်၊အခုလည်း၊နောက်လည်းပဲလွှတ်တော်ထဲမှာပြည်သူ့ဆန္ဒကိုအတင်းနင်းချေပြီးတော့ဝင်ထိုင်နေတဲ့စစ်တပ်၊ပြောရရင်သူခိုးဓါးပြပဲ။ သူခိုးဓါးပြနဲ့အမြီးစားဖက်၊ခေါင်းစားဖက်ဖြစ်နေတဲ့အုပ်စုလို့ဘုန်းဘုန်းရှင်းရှင်းလင်းလင်းပဲပြောချင်တယ်။ဗုဒ္ဓဘုရားကလမ်းညွန်ထားတာကကြည်ညိုသင့်တဲ့လူတွေကြည်ညိုအောင်၊ကြည်ညိုပြီးတဲ့လူတွေကိုအကြည်အညိုတိုးပွားအောင်နေထိုင်ရမယ်လိုပြောထားတာ။ကိုယ်နေချင်သလိုနေလိုမရဘူးလေ။ အဲဒီတော့မကြည်ညိုသေးတဲ့လူတွေကြည်ညိုအောင်အဓိကတော့ပြည်သူကပဲစံဖြစ်တယ်။”

ဆိုတဲ့ မိန့်ကြားချက်ကို ခေတ်သစ်မီဒီယာမှာ ဖေါ်ပြခဲ့ပါတယ်။ တပ်မတော်က တရားစွဲတဲ့အပေါ်ဆရာတော်ရဲ့ သဘောထားကို ဆရာတော်က ဗီအိုအမ်ကို ခုလိုမိန့်ခဲ့ဘူးပါတယ်။

“ ဘုန်းကြီးက ရင်ဆိုင်ဖို့အသင့်ပါဘဲ၊ တပ်မတော်က မလုပ်သင့်တာလုပ် လုပ်သင့်တာမလုပ်ဘူး ဒီလိုဝေဖန်တာဟာ ဒီမိုကရေစီပဲ ဒီမိုကရေစီထွန်းကားရေးက ဝေဖန်မှုရှိမှထွန်းကားတာ၊ ဒီမိုကရေဆိုတာ ဘုန်းကြီးတို့ဓမ္မတရားတော်မှာ ဒီတိုင်းပါပဲ လောကကို စောင့်ရှောက်တာ ဟီရိသြတ္တပ္ပဆိုတဲ့ အရှက်အကြောက်တရားပဲ၊ မကောင်းမှုလုပ်ရင် ရှက်တတ်ရမယ် မရှက်တတ်ရင် ပျက်စီးမှာ မကောင်းမှုမလုပ်အောင် အကြောက်တရားနဲ့ ထိမ်းရမယ်၊ လွတ်လွတ်လပ်လပ်ပြောခွင့်မပေးရင် မပြောရဲကြတော့ဘူး ၊ မပြောကြတော့ အရှက်အကြောက်မရှိကြတော့ဘူးဖြစ်ကုန်မယ်၊ သူတို့မဟုတ်တာလုပ်လို့ ကမ္ဘာမှာတောင် မြန်မာစစ်တပ်က နိုင်ငံတကာကမှာ အရေးယူတာတွေ လူပြောစရာတွေဖြစ်လာတာ ၊ ဆရာတော်တို့က ပြောဆိုဆုံးမရမှာ ဝတ္တရားပဲ မကောင်းတာလုပ်ပြောမှာဘဲ ဘုန်းကြီးတို့အလုပ် ဘုန်းကြီးလုပ်တာ အဓမ္မပျောက်ပြီးဓမ္မထွန်းကားဖို့ တာဝန် ဘုန်းကြီးတို့ တာဝန်ပါ “ လို့ ဆရာတော်က မိန့်ပါတယ်။

လက်ရှိအနေအထားမှာတော့ ဆရာတော်ကို လူဝတ်လဲ ချုပ်ရက်ရမာန်ယူပြီး အိုးဘိုထောင်ကို ပို့ဆောင်ဖွယ်ရှိပါတယ်။

#voiceofmyanmar #VOM #မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် #တပ်မတော်ကတရားစွဲ #ဦးအရိယာဝံသရုံးထုတ်

 

Related posts

Leave a Comment

VOM News

FREE
VIEW