ညောင်လေးပင်‌ထွေအုပ်ဝန်ထမ်း ၉ဦးနဲ့ မိသားစုဝင် ၁ဦး ကိုဗစ်ပိုးတွေ့

ဖေဖော်ဝါရီ ၁၆-၂၀၂၁
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၉ ဦးနဲ့ သုံးနှစ်သမီး ၁ဦး မနေ့ဖေဖော်ဝါရီ ၁၅ ရက်နေ့က Covid-19 ရောဂါပိုး စစ်ဆေး‌တွေ့ရှိခဲ့တယ်လို့ အဲ့ဒီမြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူးကနေ သိရပါတယ်။

ညောင်လေးပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က “သုံးနှစ်သမီးလေးတစ်ယောက်ပါ ထည့်တွက်ရမယ်ဆိုတော့ စုစုပေါင်းဆယ်ဦးပိုးတွေ့တာပါ။ ဌာနနဲ့ဝန်ထမ်းအိမ်ရာကို လော့ဒေါင်းချထားပြီးပါပြီ” လို့ ပြောပါတယ်။

ဝန်ထမ်းအချို့ အနံ့မရတာကြောင့် ဌာနကရုံးဝန်ထမ်းတွေအပါအဝင် မိသားစုဝင် ၃၈ ဦးကို Test Kid နဲ့ စစ်ဆေးရာကနေ အခုလို ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ပိုးတွေ့လူနာတွေကို လတ်တလောမှာ ညောင်လေးပင်မြို့နယ်ဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးနေပေမယ့် လူနာရဲ့စားသောက်ရေးကို မိသားစုဝင်တွေက တာဝန်ယူရမှာဖြစ်တယ်လို့ မြို့ခံပရဟိတအဖွဲ့တွေကနေ သိရပါတယ်။

ညောင်လေးပင်မြို့နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းအချို့၊ ဒေသခံပြည်သူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြီးခဲ့တဲ့ခုနှစ်ရက်လောက်က စတင်ပြီး အာဏာရှင်စနစ်ကိုအလိုမရှိကြောင်း ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်နေကြပြီး CDM မှာပါဝင်နေသူအချို့ကို တာဝန်က ယာယီရပ်စဲတာမျိုး ပြုလုပ်ခံထားရတာတွေလည်း ရှိနေပါတယ်။

ဖေဖော်ဝါရီ ၃ရက်နေ့ နောက်ပိုင်းကတည်းက ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကနေ ကိုဗစ်ပိုးတွေ့လူနာ စစ်ဆေးတွေ့ရှိချက်တွေကို မထုတ်ပြန်တော့တာ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ညောင်လေးပင်ထွေအုပ်ဝန်ထမ်း၉ဦး #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW