ဖေဖော်ဝါရီ ၁၆-၂၀၂၁
ကောင်းလက်ျာ(VOM)
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဗိုလ်မှုးဖိုးကွန်းလမ်းပေါ်က မြို့နယ်အဆင့်မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၆ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က CDM ပြုလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့တွေက ချက်ခြင်းလူစုခွဲခဲ့တယ်လို့ သိရပါတယ်။
“ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေဟာ ရေကားတွေ၊ အချုပ်ကားတွေနဲ့ ချက်ခြင်းရောက်လာပြီး လူစုခွဲတယ်။ ဖမ်းဆီးခံရသူတော့ မရှိဘူး။ နှစ်ဖက်ညှိနှိုင်းပြီးလူစုခွဲသွားကြတယ်။ အခုထိတော့ ရဲနဲ့တပ်က ဘဏ်ရှေ့လုံခြုံရေးယူနေတုန်းပဲလို့” လူစုခွဲတာကို မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။
တောင်ငူမြို့နယ် ဒေသခံပြည်သူတွေ၊ ဌာနဆိုင်ရာတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တစ်သောင်းနီးပါးခန့်ဟာ ဒီနေ့မနက် ၉ နာရီလောက်က စတင်ပြီး အာဏာရှင်စနစ်အလိုမရှိကြောင်း စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပြီး ဆယ်နာရီခန့်မှာ မြန်မာ့စီးပွားရေးဘဏ်ရှေ့ကို ရောက်ရှိလာပြီး ဘဏ်ဝန်ထမ်းတွေ CDM မှာပါဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူမြို့နယ်အတွင်း အာဏာရှင်စနစ်အလိုမရှိဘူးဆိုတဲ့ ဆန္ဒဖော်ထုတ်တောင်းဆိုမှုတွေကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေကတည်းက စတင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အစောပိုင်းရက်တွေက ဆန္ဒပြသူဦးရေ သိန်းဂဏန်းလောက်ထိ မြင့်တက်ခဲ့ပေမယ့် ခုရက်ပိုင်းမှာတော့ လူအင်အားအနည်းငယ်လျော့ကျလာတာကို တွေ့ရပါတယ်။
#VoiceOfMyanmar #VOM #တောင်ငူ #ဆန္ဒပြပွဲ #လူစုခွဲ