HMPV ဗိုင်းရပ်စ်ကူးစက်မှု အထူးစိတ်ပူစရာမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးပြော



ဇန်နဝါရီ ၁၀ – ၂၀၂၅
GG (VOM)

HMPV ရောဂါက ဆောင်းရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါဖြစ်တဲ့အပြင် ရောဂါကြောင့် သေဆုံးနူန်းကလည်း အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ သေဆုံးနူန်းရဲ့ ၁ ရာခိုင်နူန်းအော က်မှာသာရှိလို့ ပြည်သူလူထုအနေနဲ့ စိုးရိမ်ထိတ်လန့်စရာမလိုဘူးလို့ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းကပြောပါတယ်။

လက်ရှိမှာ HMPV ရောဂါပိုးနဲ့ ရာသီတုပ်ကွေးရောဂါပိုး အပါအဝင် အဏုဇီဝပိုးကြောင့် ဖြစ်ပွားတဲ့ လက်တလော အသက်ရှူလမ်းကြောင်းရောဂါတွေကို ကျန်းမာရေးဝန်ကြီးဌာနက အချိန်ပြည့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းစနစ်နဲ့ စောင့်ကြပ်ကြည့်ရှုနေတယ်လို့သိရပါတယ်။

“HMPV ရောဂါပိုးက ရာသီဥတုအလိုက် ကူးစက်ဖြစ်ပွားမှုရှိနေခဲ့ပြီးဖြစ်လို့ အဲဒီ ရောဂါပိုးနဲ့ပတ်သက်ပြီး မိမိတို့ပြည်သူများအတွင်း ကိုယ်ခန္ဓာခုခံအားစနစ်ရှိနေပြီးဖြစ်တယ်လို့ သုံးသပ်ယူဆရနိုင်ပါတယ်။ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေပါတယ်။ လိုအပ်ပါက သက်ဆိုင်ရာ နှီးနွှယ် ဌာနဆိုင်ရာတွေနဲ့ ကဏ္ဍပေါင်းစုံဝိုင်းဝန်းပူးပေါင်းပါဝင်ပြီး ညှိနှိုင်းကာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းနဲ့ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းကို ထိထိရောက်ရောက် ဆောင်ရွက်သွားမှာဖြစ်လို့ပြည်သူလူထုအနေနဲ့ အထူးစိုးရိမ်ထိတ်လန့်မှုဖြစ်ဖို့ မလိုပါဘူး ။တရုတ်နိုင်ငံမှာလည်း ဆောင်းရာသီဖြစ်လို့ ရောဂါဖြစ်ပွားမှုမြင့်တက်ခြင်းသာဖြစ်ပြီး အရေးပေါ်အခြေအနေ သတ်မှတ်ကြေညာထားရှိခြင်း မရှိသေးပါဘူး။” လို့ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။

HMPV ဗိုင်းရပ်စ်ပိုးက အသက်အရွယ်မရွေး ကူးစက်ဖြစ်ပွားနိုင်ပြီး ကလေးငယ်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကိုယ်ခံအားစနစ်ကျဆင်းနေသူတွေမှာ ပိုမိုကူးစက်ဖြစ်ပွားပြီး ရောဂါပိုမို ပြင်းထန်နိုင်ခြေရှိပေမယ့်
ရောဂါပိုးကြောင့် သေဆုံးမှုနှုန်းမှာ အသက်ရှူလမ်းကြောင်းရောဂါတွေ ကြောင့် သေဆုံးမှုအားလုံးရဲ့ ၁ ရာခိုင်နှုန်း အောက်မှာသာရှိတယ်လို့သိရပါတယ်။

HMPV ရောဂါပိုးက အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေ ဖြစ်တဲ့ ရာသီတုပ်ကွေးနဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး နည်းတူ ချောင်းဆိုးခြင်း၊ နှာချေခြင်းမှထွက်ရှိတဲ့ အစက် အမှုန်ကတဆင့် ကူးစက်ခြင်း (Droplet transmission)၊ ရောဂါကူးစက်ခံစားနေရသူနဲ့ ထိတွေ့ခြင်း ဒါမှမဟုတ် လက်ဆွဲနှုတ်ဆက်ခြင်း စတဲ့ အနီးကပ်ထိတွေ့ခြင်း၊ ရောဂါပိုး ကပ်ငြိနေတဲ့ အရာဝတ္တု အသုံးအဆောင်ပစ္စည်းတွေနဲ့ မျက်နှာပြင်မှတဆင့် ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို ထိတွေ့ ခြင်းကနေ ကူးစက်နိုင်တယ်လို့ သိရပါတယ်။

“ရောဂါကပျိုးရက်က (၃)ရက်မှ (၆)ရက်အထိဖြစ်ပြီး ရောဂါလက္ခဏာအနေနဲ့က ချောင်းဆိုး ခြင်း၊ ဖျားခြင်း၊ နှာပိတ်ခြင်း၊ အသက်ရှူကြပ်ခြင်း ခံစားရလေ့ရှိတယ်။ ရောဂါကူးစက်ခံရသူ အများစုက ရောဂါလက္ခဏာ စတင်ပေါ်ပေါက်ချိန်ကနေ (၃)ရက်မှ (၁၀)ရက်အတွင်း ပြန်လည်သက်သာ ကောင်းမွန်လေ့ရှိပါတယ်။ရောဂါလက္ခဏာပိုမိုပြင်းထန်ရင် တခြားအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေလို လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း ခံစားရနိုင်ပါတယ်။ တချို့ကလေးငယ်တွေမှာဆိုရင် ရောဂါကြောင့် ဝမ်းလျှောခြင်း၊ အန်ခြင်း၊ အနီစက်ထွက်ခြင်း၊ အဖျားကြီးပြီး တက်ခြင်း ခံစားရနိုင်တယ်” လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသန်းနိုင်စိုး ကပြောဆိုထားပါတယ်။

အသက် ၆၀ နှစ်နဲ့အထက် အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကိုယ်ခံအားကျဆင်း နေသူတွေအနေနဲ့ HMPV ရောဂါလက္ခဏာ ခံစားရတဲ့အပြင် အသက်ရှူကြပ်ခြင်း၊ မောပန်းခြင်းစတဲ့ ပြင်းထန်ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာခဲ့ရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွား ရောက် ဆေးကုသမှုခံယူဖို့လိုအပ်ကြောင်း ပြောဆိုထားပါတယ်။

HMPV ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးရာမှာ Nucleic Acid Amplification Test (NAAT) ဖြင့် ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇ(Virus genome) ကိုစစ်ဆေးခြင်းနဲ့ Immunofluorescence or Enzyme Immunoassay ဖြင့် ဗိုင်းရပ်စ်(Virus Antigen)ကို စစ်ဆေးခြင်းနည်းလမ်းနဲ့ ဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။

လက်ရှိမှာ HMPV ဗိုင်းရပ်စ်ပိုးအတွက် ထိရောက်တဲ့ ဗိုင်းရပ်စ်ပိုးကို ရှင်းလင်း နိုင်တဲ့ ဗိုင်းရပ်စ်ဆန့်ကျင်ဆေးဝါး နဲ့ ကာကွယ်ဆေး မရှိသေးဘဲ ရောဂါလက္ခဏာကို သက်သာစေတဲ့ ဆေးကုသမှုသာ ဆောင်ရွက်နိုင်တယ်လို့သိရပါတယ်။

ရောဂါကာကွယ်ရေးနည်းလမ်းတွေအနေနဲ့ကတော့ ရာသီတုပ်ကွေးရောဂါပိုး၊ ကိုဗစ်-၁၉ ရောဂါပိုးတို့ ကို ကာကွယ်နည်းတွေအတိုင်း အများပြည်သူ အသုံး ပြုတဲ့ နေရာက မျက်နှာပြင်ကို ထိတွေ့ပြီးတဲ့အခါတိုင်းဖြစ်စေ အခြားသူတွေနဲ့ မဖြစ်မနေ လက်ဆွဲနှုတ်ဆက်ပြီးတဲ့အခါတိုင်းမှာ လက်ကို ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့်(၂၀) ကြာအောင် စနစ်တကျဆေးကြောခြင်း၊ ရေမလို လက်သန့်စင်ဆေးရည် အသုံးပြုဖို့လိုအပ်ကြောင်း ဒေါက်တာသန်းနိုင်စိုးကပြော ပါတယ်။

ဒါအပြင် ရောဂါ လက္ခဏာဖြစ်တဲ့ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာပိတ်ခြင်း စတဲ့သူတွေနဲ့ ခပ်ခွာခွာနေခြင်း၊ ရောဂါလက္ခဏာ တခုခုရှိသူမနေနဲ့လည်း လူထူထပ်တဲ့နေရာကို သွားရောက်မှုရှောင်ခြင်း၊မဖြစ်မနေသွားရပါက မက်ခ်ကိုစနစ်တကျဝတ်ဆင်ဖို့လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။

HMPV ရောဂါက မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်နဲ့၂၀၁၅ ခုနှစ်ကတည်း ရောဂါကူးစက်မှုဖြစ်ပွားခဲ့ပြီး ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာလည်း ပြင်ပလူနာဌာနကိုလာရောက်ပြသခဲ့သူတွေထဲ HMPV ရောဂါကူးစက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ HMPV ရောဂါနဲ့ပတ်သက်ပြီး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းအပြင် ဆေးရုံတွေမှာ လိုအပ်တဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေနဲ့ ဓာတ်ခွဲစစ်ဆေးခြင်း ဆောင်ရွက်နိုင်မယ့် နည်းပညာတွေ စီစဉ် ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။

Photo -MOHS

Related posts

Leave a Comment

VOM News

FREE
VIEW