ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်း အတုတွေ မြန်မာပြည်မှာ ပြန့်နှံ့နေပြီလား

စိမ်းနု (VOM)
လူမှုကွန်ယက်သုံးနေတဲ့ မဝါဝါတစ်ယောက် ကြည့်နေတဲ့ အွန်လိုင်းရှော့ပင်း တခုက ကြေငြာထားတဲ့ ထိုင်းနိုင်ငံထုတ် အမျိုးသမီးဝတ် ဘော်လီ ဈေးနှုန်းတွေကို ကြည့်ရင်း အံဩနေပါတယ်။
သိပ်မကြာခင်က ထိုင်းနိုင်ငံက ပြန်ခဲ့ပြီး အဲ့ဒီအမှတ်တံဆိပ်ကိုပဲ ဝယ်လာတာ မြန်မာကျပ်ငွေငါးသောင်းနားရှိခဲ့ပါတယ်။
မဝါဝါကြည့်မိလိုက်တဲ့ အွန်လိုင်းရှော့ပင်းတခုက မြန်မာပြည်မှာ ရောင်းနေတာ နှစ်သောင်းစွန်းစွန်းသာ ရှိပါတယ်။
ပုံမှန်ဆိုရင် မဝါဝါ ဝယ်ခဲ့တဲ့ ထိုင်းနိုင်ငံ ဈေးအရ ဆိုရင် မြန်မာပြည်အရောက် ဈေးနှုန်းအတိုင်း ဆိုရင် တန်ဖိုးတခုသတ်မှတ်ပြီး ဈေးက ကွာနေရမှာ ဖြစ်ပါတယ်။
” ကျွန်မ အဲ့ဘော်လီကို အတုလို့ ထင်လိုက်တယ်။ ဈေးအဲဒီလောက် ကွာမနေဘူးလေ။” လို့ မဝါဝါက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ တရုတ်လုပ်ငန်းရှင်တွေ စိမ့်ဝင်လာပြီး မြန်မာ- ထိုင်းနယ်စပ်နဲ့ ထိုင်းနိုင်ငံက မြို့တွေမှာ တရုတ်လုပ်ငန်းရှင် အများစုဟာ ထိုင်းပစ္စည်း အတုထုတ်လုပ်နေကြပါတယ်။
ထိုင်းအာဏာပိုင်တွေက မကြာခဏ ဆိုသလို အတုထုတ်လုပ် တရုတ် လုပ်ငန်းရှင်တွေ ထုတ်လုပ်တဲ့ အလှကုန်ပစ္စည်း အပါအဝင် လူသုံးကုန် ပစ္စည်းတွေ တန်ဖိုး ဘတ်ငွေ သန်းနဲ့ချီ ဖမ်းဆီးရမိပါတယ်။
ထိုင်းနိုင်ငံ အလှကုန်ပစ္စည်းအပါအဝင် ၊လူသုံးကုန် ၊စားသောက်ကုန်၊ အဝတ်အစား အများစုကို မြန်မာ နိုင်ငံမှီခို ဝယ်ယူ သုံးစွဲနေရပါတယ်။
ပစ္စည်းရဲ့ အရည်သွေးအစစ်အမှန်မရရှိလို့ ထိရောက်မှုကလည်း သိပ်မရှိပါဘူး။
မဝါဝါရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ထိုင်းနိုင်ငံ ထုတ်လို့ ဆိုကာ အသား‌ရေထိန်းသိမ်းတဲ့ အလှကုန် ပစ္စည်းကို ပြည်တွင်း မှာ ဝယ်ယူသုံးစွဲခဲ့ရာ မျက်နှာ တပြင်လုံး အဖုအပိန့်တွေထွက်ခဲ့ပါတယ်။
သုံးနေကျ အမှတ်တံဆိပ်ကို ပြည်တွင်းမှာ ဈေးသက်သာလို့ မှာယူသုံးစွဲခဲ့ရာကနေအခုလိုပြဿနာ ဖြစ်ခဲ့တာပါ။
ကျန်ပစ္စည်းတွေက လူကို မထိခိုက်ပေမယ့်လည်း မျက်နှာအရေပြား အပေါ် လိမ်းကျံရတဲ့ အလှကုန်ပစ္စည်းကတော့ အတုဆိုရင် အနည်းနဲ့ အများ ထိခိုက်ပါတယ်။ ဒါကြောင့် သတိထားဖို့ ပိုလိုအပ်ပါတယ်။
ထိုင်းကုန်ပစ္စည်းအများစုဟာ သင်္ဘောနဲ့ မှာယူတာ မဟုတ်ဘဲ နယ်စပ်ဒေသအ ဆင့်ဆင့် ဖြတ်သန်းဝင်ရောက်လာခြင်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အတုပြဿနာဟာ မြန်မာနိုင်ငံကို အနည်းနဲ့အများ ရိုက်ခတ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တဲ့ နိုင်ငံ‌ရေးအခြေ‌အ​နေကြောင့်နယ်စပ်ဒေသတွေမှာ တရားဥပဒေ စိုးမိုးမှု အားနည်းပါတယ်။
ဒါကြောင့် ပြည်တွင်းမှာ ထိုင်းနိုင်ငံထုတ် ပစ္စည်းအတုတွေ ဘယ်လောက်ဈေးကွက်ထဲ ဝင်လဲ စာရင်း အတိအကျ ရဖို့ ခက်ခဲပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံထုတ် ပစ္စည်း အဓိကတင်ပို့ ရောင်းချသူ အဝယ်တော်တွေကတော့ ဈေးကွက်ထဲဝင်နေတဲ့ ထိုင်းနိုင်ငံထုတ် ပစ္စည်း အတု ဟုတ်ခြင်း ၊ မဟုတ်ခြင်း စိစစ်ဖို့ အတွက် ပစ္စည်းတန်ဖိုး အမှန်တကယ် ကုန်ကျစရိတ်နဲ့ တွက်ချက်ဝယ်ကြဖို့ အကြံပေးထားပါတယ်။
” ဟုတ်တယ် အတုတွေ ဝင်ပါတယ်။ ကျွန်မတို့ကတော့ ကောင်တာက ဝယ်ပြီး ရောင်းပါတယ်။ ကျွန်မတို့တောင် အတုမိပါတယ်။” လို့ အဝယ်တော်တဦးကပြောပါတယ်။
အများအားဖြင့် ထိုင်းပစ္စည်း application က ဝယ်ယူတဲ့သူတွေ သတိထား ဝယ်ယူကြဖို့ ထိုင်းနိုင်ငံက ပစ္စည်း ဝယ်ယူရောင်းချနေတဲ့ အဝယ်တော်တွေက တိုက်တွန်း ထားပါတယ်။
Lazada Application က ဝယ်ယူတဲ့သူတွေ သတိ ထားဖို့ အဝယ်တော်တွေက အကြံပေးထားပါတယ်။
Lazada App ထဲမှာ ပါသမျှ အစစ်မဟုတ်ဘဲ App ထဲက စျေးချသမျှ အမှန်မဟုတ်နိုင်ဘူးလို့ ဆိုပါတယ်။
Lazada App ဟာ ထိုင်းမှာ အွန်လိုင်းစျေးသည်မှန်သမျှ တင်ရောင်းလို့ရတဲ့ ပေခ်ျဖြစ်ပါတယ်။ လာရောင်းချတဲ့ customer တွေ အကုန်လက်ခံထားတာမို့ အတုတွေ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် Lazada App မှာ စိတ်ချရတဲ့ နေရာတော့ ရှိပါတယ်။ အဲဒါကတော့ Lazada Mall / Laz Mallပါ။
Lazada Mall ဟာ ထိုင်းအာဏာပိုင်တွေ ခွင့်ပြုချက် ရထားပြီးသား (စိစစ်ပြီးသား) Official Store တွေသာ ရောင်းပိုင်ခွင့်ရှိပါတယ်။
ဒါကြောင့် Lazada App ထဲမှာ Lazada Mall ဆိုတဲ့ အထဲကို ဆက်ပြီး ဝင်ရှာမှသာ အစစ်အမှန် ရနိုင်ပါမယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာတဦးက သူရဲ့ အတွေ့ကြုံကို မျှဝေထားပါတယ်။
ထိုင်း ပစ္စည်း အစစ်အမှန်တွေကို Shopee application ဆိုရင် Shopee Mall နဲ့ ထိုင်းအာဏာပိုင်တွေမှာ စာရင်းတင်သွင်းရတဲ့ Central App ၊ Makro app ၊ Watsons App၊ Boots TH app နဲ့ Lous appl ဝယ်ယူကြဖို့ စိတ်ချရတယ်လို့ထိုင်း အဝယ်‌တော်တွေက တိုက်တွန်း ကြပါတယ်။
ထိုင်းမှာ နေပြီး မြန်မာပြည်ကို လိမ်ညာရောင်းချ နေတဲ့ ကိုယ့်မြန်မာအချင်းချင်းကိုလည်း သတိထားဖို့ အဝယ်တော်တွေက တိုက်တွန်းထားပါတယ်။

Related posts

✕
VOM News

FREE
VIEW