ဇန်နဝါရီ ၁၀ – ၂၀၂၅
SN (VOM)
ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက် နစကဥက္ကဋ္ဌပေးပို့တဲ့ သဝဏ်လွှာမှာ တည်ငြိမ်အေးချမ်းရေးအတွက် စစ်တပ်နဲ့ ပူးပေါင်းဖို့ တိုက်တွန်းပေမယ့် ကချင်မှာ စစ်ပွဲအရှိန်မြင့်တက်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နစကဥက္ကဋ္ဌက ကချင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးကို နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးက အစိုးရ၊ တပ်မတော်နဲ့အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ မှာကြားလိုတယ်လို့ ထည့်သွင်း ပြောဆိုထားပါတယ်။
အဲဒီ သဝဏ်လွှာမှာ “လူထု ဆင်းရဲဒုက္ခရောက်နေတဲ့အတွက် နိုင်ငံနဲ့ လူမျိုးအကျိုးကို ဖျက်ဆီးနေကြတဲ့ လုပ်ရပ်တွေကို ရပ်တန့်ကြဖို့ လိုတယ်” လို့ နစကဥက္ကဋ္ဌက ပြောဆိုထားတာပါ။
ဒီကနေ့ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နှင့် အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကြောင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် လုံခြုံမှုနဲ့ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ကာ ဆင်းရဲဒုက္ခများစွာ ကြုံတွေ့နေရတယ်လို့လည်း နစကဥက္ကဋ္ဌက ပြောပါတယ်။
ပြည်တွင်း၊ ပြည်ပ ပယောဂတွေကြောင့် ဆင်ခြင်တွေးတောမှု ကင်းမဲ့ကာ နိုင်ငံနဲ့ လူမျိုးအကျိုးကို ဖျက်ဆီးနေကြတဲ့ လုပ်ရပ်တွေကို ရပ်တန့်စေလိုပြီး မိမိတို့ တိုင်းရင်းသား မျိုးနွယ်စုအားလုံးနဲ့ ဗလငါးတန် ပြည့်၀တဲ့ လူငယ်တွေအနေနဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စုကြီးကို လက်တွဲညီညီ စည်းလုံးညီညွတ်စွာ တည်ဆောက်သွားကြဖို့ကိုလည်း တိုက်တွန်းလိုတယ်လို့ နစကဥက္ကဋ္ဌက ပြောပါတယ်။
နိုင်ငံရဲ့ ငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့အခါ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံညှိနှိုင်း အဖြေရှာမှသာ အောင်မြင်မှု ရရှိနိုင်မှာဖြစ်သလို ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီနဲ့ လွှတ်တော်လမ်းကြောင်းပေါ်ကို လျှောက်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် ကချင်ပြည်နယ်အတွင်းမှာတော့ လက်ရှိအချိန်အထိ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။
လတ်တလောမှာလည်း ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဟာ ရက်ပေါင်း တလကျော် ကြာမြင့်လာနေပြီဖြစ်ပြီး မြို့ထဲနဲ့ဝေးတဲ့နေရာတွေဖြစ်တဲ့ ခြေလျင်တပ်ရင်း (ခလရ – ၄၇) နဲ့ ဗန်းမော်တက္ကသိုလ် ၀န်းကျင်တွေမှာ တိုက်ပွဲတွေ ဆက်ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် လူသေဆုံးမှု၊ ဒဏ်ရာရရှိမှု၊ နေအိမ်၊ အဆောက်အအုံ ပျက်စီးမှုတွေလည်း များစွာ ဖြစ်ပေါ်နေပြီး လက်ရှိမှာ ဒေသခံအများစု ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ အခြေအနေအရ မြို့ထဲမှာ တိုက်ပွဲခဏတာ ငြိမ်နေသေးတဲ့ ပုံစံမျိုးဖြစ်နေပြီး KIA က ဗန်းမော်လေယာဉ်ကွင်းနဲ့ ခလရ – ၄၇ စခန်းတို့ကို သိမ်းယူရရှိထားတယ် ဆိုတာဟာလည်း သတင်းအမှားတွေသာဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့နဲ့အတူ တပြိုက်နက်တည်း ထိုးစစ်ဆင်ခဲ့တဲ့ မံစီမြို့ကိုတော့ KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့မှာ ထိန်းချုပ်ထားပြီးဖြစ်ကာ မံစီမှာ ကျန်ရှိနေတဲ့ နစကတပ်စခန်းတွေဖြစ်တဲ့ ခြေမြန်တပ်ရင်း (ခမရ – ၃၁၉ ၊ ၆၀၁) နဲ့ အမြောက်တပ် (အမတ – ၃၅၂) တို့ကို သိမ်းယူပြီးတဲ့နောက် မံစီမြို့ကို ထိန်းချုပ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာတော့ KIA တပ်ဖွဲ့တွေဟာ မံစီမြို့ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ သိရပြီး နစကတပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့... -
HMPV ဗိုင်းရပ်စ်ကူးစက်မှု အထူးစိတ်ပူစရာမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးပြော
ဇန်နဝါရီ ၁၀ – ၂၀၂၅GG (VOM)HMPV ရောဂါက ဆောင်းရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါဖြစ်တဲ့အပြင် ရောဂါကြောင့် သေဆုံးနူန်းကလည်း... -
တရုတ်အနောက်မြောက်ပိုင်းမှာ ဆယ်ကျော်သက်ကျောင်းသားသေဆုံးမှု ဆန္ဒပြမှုတွေ ဖြစ်ပွား
ပေကျင်း၊ ဇန်နဝါရီ-၁၀-၂၀၂၅ ရတီ(VOM) တရုတ်နို်ငငံ အနောက်မြောက်ပိုင်းရှိ မြို့တမြိုမှာ ဆယ်ကျော်သက်လူငယ်တယောက် သေဆုံးမှုနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့...