ကောလင်းမှာ ဖမ်းဆီးထားတဲ့ လူ ၂ ဦး ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေချိန် ရဲစခန်းဘေးက စ.ရ.ဖ ရုံးမီးလောင်

မတ် ၊ ၁၇ -၂၀၂၁
Voice Of Myanmar

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ ၊ မြို့ကုန်း မြို့မရပ်ကွက် (၁၂)လမ်းမှာ မနေ့ မတ် ၁၆ ရက် နေ့လယ် ၁၂ နာရီက ဆန္ဒပြရာမှာ ပါဝင်သူ လူ ၂ ဦး ဖမ်းဆီးခံခဲ့ရပြီး
အဲ့ဒီ လူ ၂ ဦးကို ပြန်လွှတ်ပေးဖို့ ဒေသခံပြည်သူတွေက ကောလင်းမြို့မရဲစခန်းရှေ့ကို သွားရောက်ဆန္ဒပြ တောင်းဆိုနေချိန် ရဲစခန်းနောက်ကျောရှိ စုပေါင်းရုံးလမ်းမှာ ငှားရမ်းနေထိုင်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကောလင်းမြို့ခံတွေဆီကနေ သိရပါတယ်။

” လက်သမားဆရာ ကိုကျော်သူရနဲ့ သုံးဘီးမောင်းသူ ကိုသိန်းထိုက်တို့ကို ဖမ်းသွားတဲ့အတွက် ပြန်လွှတ်ပေးဖို့ ရဲစခန်းရှေ့မှာ ဆန္ဒပြ တောင်းဆိုနေတဲ့အချိန် စခန်းနောက်ကျောက စရဖ ရုံး မီးလောင်တာဖြစ်တယ် ” လို့ အမည်မဖော်လိုတဲ့ ကောလင်းမြို့ခံ တစ်ယောက်က VOM ကိုပြောပါတယ် ။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်လို့ ကောလင်းမြို့နယ် မီးသတ်ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်ဝန်ထမ်း တစ်ယောက် ပြောပြတာက ” ဆန္ဒပြလူတွေက ရဲစခန်းဝိုင်းပြီး ဖမ်းခံထားရတဲ့ လူ ၂ ယောက် ပြန်လွတ်ပေးဖို့ တောင်းဆိုနေတဲ့အချိန်မှာ ရဲစခန်းဘေးက စရဖ ရုံးမီးလောင်တယ် ၊ သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲတာကြောင့် အဆောက်အဦးကို မီးမစွဲဘူး ၊ ရှေ့က ဝန်းထရံ ၁၀ ပေလောက် မီးလောင်ပျက်စီးသွားတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် ဆန္ဒပြတောင်းဆိုနေသူတွေကို လူစုခွဲဖို့ စစ်တပ်နဲ့ ရဲတွေပါဝင်တဲ့ လုံခြုံရေးအဖွဲ့တွေက ကျည်စစ် ကျည်မှန်တွေကို အသုံးပြုပြီး သေနတ်အချက် ၂ ရာကျော် ပစ်ဖောက်ဖြိုခွဲတယ်လို့ သိရပါတယ်။

မနေ့က စစ်ကိုင်းတိုင်းထဲမှာ လူစုလူဝေး ဖြိုခွဲတဲ့အခါ ကျည်ထိမှန်လို့ ကောလင်းမြို့မှာ လူ ၁ ယောက်နဲ့ ချောင်းဦးမြို့မှာ လူ ၁ ယောက်သေဆုံးခဲ့ပါတယ်။

အဲ့ဒီလို သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေထဲက မုံရွာမြို့မှာ ၁၀ ယောက် ၊ ကလေးမြို့မှာ ၃ ယောက် ၊ ကောလင်း ၁ ယောက်နဲ့ ချောင်းဦး ၁ ယောက် စစ်ကိုင်းတိုင်းထဲမှာ အားလုံး ၁၅ ယောက်ရှိသွားပြီးလို့ မှတ်တမ်းတွေအရ သိရပါတယ်။

ပုံစာ – မတ်လ ၁၆ ရက်က ကောလင်းမြို့ ဆန္ဒပြ မြင်ကွင်း
#voiceofmyanmar #VOM #ကောလင်း #ဆန္ဒပြချိန် #စရဖရုံးမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW