မြစ်ဆုံအထက်တိုက်ပွဲကြောင့် တိမ်းရှောင်လာသူတွေ ပလန စစ်ရှောင်စခန်းရောက်ရှိ

မတ် ၁၇ -၂၀၂၁
YAT(VOM)

မြစ်ဆုံအထက်ပိုင်း ဂွေထော်ကျေးရွာဘက်မှာ KIA နဲ့ စစ်တပ် တိုက်ပွဲတွေဖြစ်နေလို့ စစ်ရှောင်လာကြတဲ့ ရွာပေါင်း ၄ ရွာက ဒေသခံတွေ မြစ်ကြီးနားမြို့ ပလန စိန့်ဂျိုးဇက်စစ်ရှောင်စခန်းနဲ့ ထရီနတီ စစ်ရှောင်စခန်းတွေဆီ မနေ့ မတ်လ ၁၆ ရက် ည ၁၀ နာရီက ရောက်ရှိလာပါတယ်။

ဒီနေ့ မတ်လ ၁၇ ရက်နေ့ စာရင်းအရ ပလန စိန့်ဂျိုးဇက်စစ်ရှောင်စခန်းမှာ လူဦးရေ ၁၄၀ ကျော် ရောက်ရှိခဲ့ပြီး ထရီနတီစစ်ရှောင်စခန်းကို ရောက်လာသူတွေလည်း ရှိနေပါတယ်။

“ကျမတို့ နေ့ခင်းဆို အလုပ်သွားတယ်နော ညနေ ၅ နာရီခွဲလောက်ကနေ စပြီးမှ ပစ်ခတ်သွားတာ အိမ်တောင်မှ ပြန်မလာနိုင်ဘူး အလုပ်အပြန် သေနတ်သံကြားပြီး ထွက်ပြေးသွားတာ ကလေးတွေနဲ့ ဘာမှတောင် မပါဘူး ဒီအတိုင်းပဲ လူလွတ်ပဲ တောထဲကိုထွက်ပြေးသွားပြီး ဂွေထော်အထက်ကတောင်ယာဟောင်း ကုန်းပေါ်မှာ ၃ နာရီကျော်ကျော်တက်ရတယ် သူများတွေရဲ့ တောင်ယာတဲက အခင်းတွေယူပြီး ချောင်ထဲသွားအိပ်ခဲ့ရတာ ” စစ်ရှောင်အမျိုးသမီး တစ်‌ဦးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

အခုရောက်လာတဲ့ စစ်ရှောင် ၂၀၀ ကျော်ဟာ မတ်လ ၁၆ ရက်နံနက်မှာ မြစ်ဆုံအ​ရှေ့ဘက်ကမ်းကနေ စက်လှေနဲ့ တန်ဖရဲဘက်သို့ ကူးလာကြတာ ဖြစ်ပါတယ်။ တန်ဖဲဂိတ်ကနေ အတားအဆီးခံခဲ့ရလို့ မြစ်ဆုံတန်ဖဲ RC ဘုရားကျောင်း အဆောင်မှာ ညပိုင်းအထိ နေထိုင်နေကြရပြီး ညပိုင်းကျမှ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ညှိနှိုင်း‌ပြီး ကားနဲ့ လာခေါ်ထုတ်ခဲ့တာလို့ စစ်ဘေးတိမ်းရှောင်လာသူတွေက ပြောပါတယ်။

“ထွက်ပြေးတဲ့အချိန်မှာ ဆိုင်ကယ်က မလောက် လူကများ ကိုယ့်ရဲ့ အထုပ်အပိုးတွေပဲ သယ်ရတာပေါ့ ကျနော်တောင် အင်္ကျီတွေဘာတွေ ဘာမှ မပါဘူး အားကစားဘောင်းဘီရယ် တဘက်ရယ် ကိုယ်ပေါ်မှာပါတဲ့ အဝတ်ရယ်ပဲပါတယ် ဟိုမှာက စစ်လှေဂိတ်တွေ ပိတ်သွားပြီ ပို့လို့မရတော့ဘူး အခုလောလောဆယ် ရွာမှာ ၂ ယောက်ပဲ ၃ ယောက်ပဲရှိတယ် အိမ်စောင့်တွေပေါ့ တချို့တွေက သူတို့ကခေါင်းမာတယ်ပေါ့ကွာ သေလည်း သေပါစေပေါ့ အိမ်ခြံတွေရွာတွေကို မစွန့်လွှတ်နိုင်ဘူးပေါ့ စစ်အားကြီးဖြစ်လာလျှင် တောင်ကုန်းတွေမှာ ပြေးသွားပြီးမှ ရှောင်မှာပေါ့ ” ဆိုပြီး ဂွေထော်ကျေးရွာကနေ စစ်ရှောင်လာသူ ကိုမုန်ခေါင်လ က ပြောပါတယ်။

အခုတိမ်းရှောင်လာသူတွေဟာ ယခင်က စစ်ရှောင်စခန်းတွေမှာ နေထိုင်တာဖြစ်ပြီး သူတို့ရဲ့ တောင်ယာတွေမှာ လုပ်ကိုင်စားသောက်ဖို့ ၂၀၂၀ နှစ်စက ပြန်အခြေချနေသူတွေဖြစ်ပါတယ်။ မတ်လ ၁၅ ရက် ညနေက မြစ်ဆုံအထက်ပိုင်း ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂွေထောင်၊ တန်ဘောင်ယန် ဇနီတူယန်နဲ့ ပဇိဇွပ်ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးလာကြရတာပါ။

#voiceofmyanmar #VOM #မြစ်ဆုံ #အထက်ပိုင်းတိုက်ပွဲဖြစ် #ဒေသခံ #စစ်ဘေးတိမ်းရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW