ရခိုင်ဝန်ကြီးချုပ် ဦးညီပုအမှုက လိုပြသက်သေတွေကို မတ်လအကုန်မှာ စစ်ဆေးဖို့ရှိ

မတ် ၁၇ – ၂၀၂၁
ထက်အောင်စိုင်း (VOM)

ဖမ်းဆီးတရားစွဲဆ်ိုခံထားရတဲ့ ရခိုင်ဝန်ကြီးချုပ်ဦးညီပုအမှုက တရားလိုပြသက်သေတွေကို လာမယ့် မတ်လ ၃၁ ရက်နေ့မှာ စစ်ဆေးသွားဖို့ရှိတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ဦးညီပုရဲ့ရှေ့နေဆီကနေ သိရပါတယ်။

ဦးညီပုရဲ့ရှေ့နေဖြစ်တဲ့ သဇင်ဥပဒေအထောက်အကူပြုရေးအဖွဲ့က ရှေ့နေ ဦးငြိမ်းချမ်း က” ပြီးခဲ့တဲ့ ရုံးချိန်းက လုပ်ခဲ့တဲ့ အကြိုမှုခင်းစီမံခန့်ခွဲရေးကို ဒီနေ့မှာ အပြီးသတ်လုပ်ပါတယ်။ ပြီးတော့ ဘယ်နေ့မှာ အမှုကိုဘယ်လိုလုပ်မယ်ဆိုတာ လုပ်တယ်။ နောက်ထပ် ၃၁ ရက်နေ့ကို ရုံးချိန်းတယ်။ အဲဒီနေ့မှာပဲ တရားလိုပြသက်သေတွေကို စစ်ဆေးဖို့ လုပ်သွားမှာပေါ့”လို့ ပြောပါတယ်။

ဒီအမှုမှာ တရားလ်ိုပြသက်သေ (၅) ဦးရှိပြီး စစ်တွေ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုလုပ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီကနေ့ မတ်လ ၁၇ ရက်နေ့ရုံးချိန်က်ိုတော့ Video Conferencing စနစ်နဲ့ စစ်တွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်​ပြီး ရှေ့နေနဲ့တွေ့ခွင့်ရကာ ဦးညီပုအနေနဲ့လည်း ကျန်းမာရေးကောင်းမွန်ကြောင်း ရှေ့နေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို သူ့ရဲ့လုံခြုံရေးအခြေအနေကြောင့် လက်ရှိအချိန်ထိ စစ်တွေတပ်နယ်အတွင်း ဒေသကွတ်ကဲရေးစစ်ဌာနချုပ်မှာထိမ်းသိမ်းထားတယ်လို့သိရပြီး ဦးညီပုအနေနဲ့ ပြီခဲ့တဲ့ရုံးချိန်းတုန်းက Video Conferencing စနစ်နဲ့မဟုတ်ဘဲ အပြင်မှာ လွတ်လပ်စွာ ရုံးထုတ်စစ်ဆေးလိုကြောင်း တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

အဲ့ဒီလိုတောင်းဆိုချက်အခြေအနေနဲ့ ဆက်စပ်ပြီး ရှေ့နေဦးငြိမ်းချမ်းက” ဒါကတော့ သူ့ရဲ့ လုံခြုံရေးအခြေအနေနဲ့ နိုင်ငံရေးအခြေအနေပေါ်မူတည်နေတယ်လို့ ထင်မြင်ယူဆပါတယ်။ ရှေ့နေအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီအပေါ်မှာ သိပ်ပြီးမပြောလိုပါဘူး။ ဒါပေမယ့် အမှုသည်ကတော့ ရှေ့နေနဲ့ အမှုကိစ္စတွေကို ဆွေးနွေးပြီးတော့မှပဲ စစ်ဆေးတာဟာ ဥပဒေအရ ရပိုင်ခွင့်တွေက်ို အပြည့်အဝရဖို့အတွက် အထောက်အကူဖြစ်ပါတယ်။ တရားမျှတမှုကိုရရှိဖို့အတွက် တရားခွင်မှာ ပြည့်ပြည့်စုံစုံ ခုခံချေပတဲ့အခါမှာလည်း အရမ်းကို အရေးပါအရာရောက်တဲ့ ရှေ့နေနဲ့ အမှုသည်တွေဆုံဆွေးနွေးတာက တရားစီရင်ရေးမှာလည်း တရားမျှတမှုအတွက် တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်တွေမြို့နယ် ဒု- မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုလုပ်ကာ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အမှုဖွင့်ခဲ့ပြီး အဲ့ဒီပုဒ်မဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၂) နှစ် အထိ ကျခံနိုင်​တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်း ၁၁ နာရီလောက်မှာ ဂွမြို့ရှိ နေအိမ်ကနေ စစ်တပ်နဲ့ ရဲက ဖမ်းဆီးခေါ်ဆောင်တာကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင် #၀န်ကြီးချုပ်ဦးညီပု

Related posts

Leave a Comment

VOM News

FREE
VIEW