ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး လက်နက်တွေ ပျောက်နေတဲ့ကိစ္စ ဒေသခံ ရွာသား ၆ ယောက်ကို ဖမ်းဆီးထား

မတ် ၂၀-၂၀၂၁
Voice Of Myanmar

မတ်လ ၁၈ရက်နေ့မှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီး ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၂ယောက်သေဆုံးပြီး သေနတ်တွေ ပျောက်ဆုံးသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာက ဒေသခံ ရွာသား ၆ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

တည်တောကျေးရွာနေ ဒေသခံတစ်ယောက်က “ရွာက ဘုန်းကြီးကျောင်းမှာ လုံခြုံရေးတွေ ရှိတယ်။ ရွာက ဖမ်းခံထားရသူ ၆ ယောက်ရှိတယ်။ ဦးငွေပို ၊ ကိုညီညီထွန်း ၊ ကိုအောင်မြိုင် ၊ ဦးကျော်ရွှေ ၊ ကိုသန်းထွန်းအောင်၊ ကိုညီညီဦးတို့ ဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒီနေ့ညနေပိုင်းက မူးကမ်းကြီး ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးဟာ မူးကမ်းကြီးကနေ ဒီပဲယင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးကို AD VAN ကားနဲ့အသွား မူးဘောင်လမ်းပေါ်မှာ ဆန္ဒပြ လူစုလူဝေးနဲ့ ပဋိပက္ခ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့ပြီး ရဲအရာရှိကတော့ ပြင်းထန်ဒဏ်ရာရှိကာ သူတို့ ကိုင်ဆောင်လာတဲ့ သေနတ်နဲ့ ကျည်ဆံတွေလည်း ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

“သေဆုံးသွားတဲ့ ရဲ ၂ ယောက်က ရဲတပ်သား မောင်မောင်နဲ့ ရဲတပ်သား လန်းဝေ တို့ဖြစ်ပြီး ရဲအရာရှိကတော့ ကုတင် ၃၀၀ ဆေးရုံမှာ ဆေးကုသနေရပြီး ရရှိဒဏ်ရာက အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်”လို့ ဒီပဲယင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

မနေ့ မတ် ၁၉ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းကြည်နဲ့အဖွဲ့ဟာ ပျောက်ဆုံးနေတဲ့ သေနတ်နဲ့ ကျည်ဆံတွေကို လိုက်လံရှာဖွေတဲ့အခါ ပဋိပက္ခ စတင်ဖြစ်ပွားရာ အမှတ် ၁၂ မူးမြောင်းလက်တံနဲ့ ၁ မိုင်ခန့်နေရာရှိ ဇရပ်နဲ့ ညောင်ပင်ကြားမှာ ပျောက်ဆုံးနေတဲ့ သေနတ်နဲ့ ကျည်ဆံတွေကို ပြန်လည်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကိုင်းတိုင်း ရဲများ လုံခြုံရေး ပြုလုပ်နေပုံ

#VoiceOfMyanmar #VOM #ဒီပဲယင်း #မူးကမ်းကြီး #ရဲတပ်ဖွဲ့ဝင် #သေဆုံး #လက်နက်ပျောက် #သေနတ်ပျောက်

Related posts

Leave a Comment

VOM News

FREE
VIEW