စစ်ကိုင်းတိုင်းထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ တာဝန်က အနားယူဖို့ ထွက်စာတင်

သြဂုတ် ၄ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့နယ် ၃၇ မြို့နယ်ထဲက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဟာ အခုရက်ပိုင်းအတွင်း တာဝန်ကနေ နှုတ်ထွက် အနားယူခွင့် ပေးဖို့ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးဆီ လိပ်မူပြီး တင်ပြစာတွေ နေ့တိုင်းလိုလို ပေးပို့နေကြတယ်လို့ သိရပါတယ်။
 
အဲ့ဒီ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ခွင့် တင်ပြကြတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က ” စစ်ကိုင်းခရိုင်ထဲက မြောင်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့နဲ့ ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ၊ဆားလင်းကြီးမြို့နယ် ၊ မုံရွာခရိုင် ဘုတလင်မြို့နယ် အရာတော်နဲ့ မုံရွာမြို့ပေါ် ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ကောလင်းခရိုင် ကောလင်းမြို့နယ်ထဲက အုပ်ချုပ်ရေးမှူး တချို့ အနားယူခွင့် တင်ပြကြတာ ” လို့ ဖြစ်ပါတယ် ။
 
ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နူတ်ထွက် တင်ပြကြတာနဲ့ ပတ်သက်လို့ မုံရွာအခြေစိုက် ပြည်တွင်း နိုင်ငံရေး အခြေအနေတွေကို လေ့လာသုံးသပ်နေတဲ့ နိုင်ငံရေး သုတေသီ ဦးစိုးတင့် ( သလ္လာမြေ) က ” ဆားလင်းကြီးမြို့နယ် ရေခါးရွာက အုပ်ချုပ်ရေးမှူး သားအဖ လုပ်ကြံခံရတဲ့ ၂ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်လို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက တာဝန်ကနေ နူတ်ထွက်တယ်လို့ အင်တာနက် လူမှုကွန်ရက်မှာ ပြန့်နှံ့လာခဲ့တယ် ၊ အဲ့ဒီနောက်ပိုင်း နယ်ဘက် ရပ်ကျေးအုပ်မှူးတွေ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒလျော့ကျလာတယ်လို့ ယူဆမိတယ် ၊ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ရပ်ကျေးအုပ်မှူးတွေ တော်တော်များများ လုပ်ကြံခံရလို့ သေဆုံးရတယ် ၊ အဲ့ဒီဖြစ်စဥ်တွေဟာ လူပုဂ္ဂိုလ် မုန်းတီးလို့ ရန်ငြိုး ရန်စရှိလို့ ၊ဆက်ဆံရေး နဲ့ လုပ်ငန်းကိစ္စမှာ အဆင်မပြေလို့ ချစ်ခြင်း မုန်းခြင်းကြောင့် လုပ်ကြံသတ်ဖြတ်ခံရတာ ဟုတ်မယ်မထင်ဘူး၊ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အရွေ့တခု ကြောင့် ဖြစ်မယ် ၊ ရပ်တည်နေထိုင်မှု ဘယ်လောက်ပဲ ကောင်းကောင်း အသက်န္တရာယ် တွေကြောင့် ထွက်စာ တင်ကြတာ ဖြစ်နိုင်တယ် ” လို့ မှတ်ချက်ပြု ပြောဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်လထဲက ဆားလင်းကြီးမြို့နယ် ရေခါးရွာ အုပ်ချုပ်ရေးမှူးသားအဖ သေဆုံးရတဲ့ အမှု ၊ မြောင်မြို့နယ် ဆွဲလဲအိုရွာ အုပ်ချုပ်ရေးမှူးနဲ့အတူ သတ်ခံရတဲ့ အမှု ၊ ရွှေဘိုမြို့နယ် တည်ပင်ရွာအုပ်မှူးနဲ့ အတူ သတ်ခံရတဲ့ ၂ လောင်းပြိုင်အမှု ၊ တန့်ဆည်မြို့နယ် ဆင်ငယ်ရွာ အုပ်စာရေး ခေါင်းဖြတ်သတ်ခံရတဲ့ အမှု ၊ ဘုတလင်မြို့နယ် တွင်းတော်ရွာအုပ်မှုး နဲ့ သူ့မိသားစုကို လာသတ်တဲ့ အမှု စတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေ သေဆုံးရတဲ့ ဖြစ်စဥ်တွေဟာ စစ်ကိုင်းတိုင်းထဲမှာ ပေါ်လွင်ထင်ရှားတဲ့အမှုတွေဖြစ်နေတာကြောင့် အခုလို ရပ်ကျေး အုပ်မှူးတွေ အလုပ်ထွက်စာ တင်ကြတာ ဖြစ်နိုင်တယ်လို့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
 
စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ရပ်ကျေး အုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင် ၂ ဒါဇင်နီးပါး လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးသူတွေဟာ ကျည်ဆံ ဖောက်ဝင်ဒဏ်ရာ နဲ့ ပြတ်ရှဒဏ်ရာတွေဖြစ်တယ်လို့ သိရပါတယ် ။
 
#voiceofmyanamar #vom #စစ်ကိုင်းအုပ်ချုပ်ရေးမှူးတချို့ထွက်စာတင်
 
ပုံစာ ၊ ရပ်ကျေး အုပ်မှူးတွေ အလုပ်ထွက်တင်ပြစာတွေ မြင်ရစဥ်

Related posts

Leave a Comment

VOM News

FREE
VIEW