ကံမမြို့မှာ လူငယ်၃ ဦး လက်နက်မှုနဲ့ဖမ်းဆီးခံရ

ကံမ၊ သြဂုတ် ၁၈-၂၀၂၁
Voice Of Myanmar
 
မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်ကျေးရွာက အသက်၂၅နှစ်ဝန်းကျင်ရှိ လူငယ် ၃ဦးကို
လက်နက်မှုနဲ့ မနေ့ သြဂုတ် ၁၇ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
မနက်၁၀နာရီခန့်မှာ ပြည့်ဖြိုးအောင် ခေါ် အရှည်ကြီးနဲ့ခင်ဇော်မျိုးကို နေအိမ်မှာလာရောက်ဖမ်းဆီးတာဖြစ်ပြီး လာရှာတဲ့အချိန် လက်နက်ပြုလုပ်ထားတာတွေကိုတော့မတွေ့ဘူးလို့ သိရပါတယ်။
 
အခုလိုဖမ်းဆီးခံရပြီး စစ်ဆေးချက်အရ နောက်ထပ်တဦးပါ ထပ်မံဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
 
”အဲ့ဒီ ၃ ယောက်က ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလက လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာမှာ လက်လုပ်လေသေနတ်တွေနဲ့ပုံ ပရိုဖိုင်းတင်ထားတာကို သူနဲ့မတည့်သူက တိုင်လို့ လာဖမ်းတာ”လို့ဒေသခံတဦးကပြောပါတယ်။
 
စက်ဘီးလေထိုးပိုက်နဲ့ ပိုးသတ်ဆေးဖြန်းတဲ့ပိုက်ကို အသုံးပြုပြီးလုပ်ထားတဲ့ လက်လုပ်လေသေနတ်နဲ့ ညဘက်တွေမှာ ဂျိုးပစ်၊ ယုန်ပစ်ကြတာတွေရှိတယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။
 
” နိုင်ငံရေးလုပ်တဲ့ ကလေးတွေမဟုတ်ပါဘူး၊ အနေအေးကြပါတယ်”လို့ဒေသခံတဦးကပြောပါတယ်။
 
လူငယ်နှစ်ဦးကို လာရောက်ဖမ်းစဉ်အခါက အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ပြီးမိခင်လုပ်သူကို ရဲတွေကပစ်ခတ်မယ့်ပုံစံမျိုးလုပ်တဲ့အတွက် ရွာသားတွေက ဝိုင်းဝန်းတောင်းပန်ခဲ့ရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
 
”ကြို့ပင်ရဲက၂ယောက်နဲ့ ကျန်တာမြို့ကရဲ၁၃ယောက်နဲ့လာဖမ်းတာ”လို့ မိသားစုဝင်တွေက ပြောပါတယ်။
 
ညနေပိုင်းမှာတော့ ကြို့ပင်နယ်မြေရဲစခန်းကနေ ကံမမြို့ကို ခေါ်ဆောင်သွားပြီး မိသားစုဝင်တွေကိုလိုက်မလာဖို့ ပြောဆိုသွားတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ကံမ

Related posts

Leave a Comment

VOM News

FREE
VIEW