အသုတ်မြို့က သတင်းပေးလို့အမည်ထွက်နေသူ ၁ ဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

သြဂုတ် ၊ ၁၈ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင် ၊ အသုတ်မြို့က သတင်းပေးလို့အမည်ထွက်နေတဲ့ စီးပွားရေး လုပ်ငန်းရှင် ၁ ဦး ဒီကနေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ အသုတ်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
သေနတ်နဲ့ ပစ်ခံရသူဟာ ဆိုင်ကယ်အရောင်းဆိုင် Show Room ပိုင်ရှင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ဆိုင်ရှေ့မှာပဲ သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်ပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မြင်တွေ့လိုက်ရတဲ့ ဆိုင်အနီးနားနေထိုင်သူတစ်ယောက်က ” အသံကြားလိုက်လို့ လှမ်းကြည့်တဲ့အခါ ပုဆိုးဝတ် ၊ အင်္ကျီလက်ရှည်ဝတ် ၊ ဦးထုပ်စောင်း mask တပ်ထားတဲ့ လူတစ်ယောက်က ဆိုင်ဘက်ကနေ ပြေးထွက်လာပြီး ဆိုင်ရှေ့မှာ လူ ၁ ယောက် အသင့်စောင့်နေတဲ့ ဆိုင်ကယ်ပေါ်ကို ပြေးတက်ပြီး ဆိုင်ကယ်မောင်းထွက်သွားမြင်လိုက်ရတယ် ၊ အဲ့ဒီနောက်မှ ဆိုင်ကယ်ဆိုင်က ကိုဦး သေနတ်နဲ့ ပစ်ခံရတယ်ဆိုတာ သိရတာပါ ” လို့ ပြောပါတယ်။
 
သေနတ်နဲ့ ပစ်ခတ်ခံရသူဟာ ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင် ပိုင်ရှင် ဦးဝင်းနိုင်ဦး အသက် ၅၁ နှစ် ဆိုသူဖြစ်ပြီး
ပစ်ခတ်မှုကြောင့် ဝဲဘက်ရင်အုံ ကျည်ဆံဖောက်ဝင် ဒဏ်ရာရကာ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
 
” သူက စီးပွားရေးသမားဖြစ်ပြီး အပေါင်းအသင်းဆံ့တယ် ၊ ဆိုင်ကယ် အရစ်ကျစနစ်နဲ့ဆိုတော့ လုပ်ငန်းသဘောအရ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အဝင်အထွက်ရှိတယ် ၊ အဲ့ဒါကို သဘောမတွေ့တဲ့သူတွေက သူ့ကိုသတင်းပေး ဒလန်လုပ်တယ်ဆိုပြီး ပြောဆိုတာတွေ ကြားရတယ် ” လို့ သေဆုံးသူရဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ပုသိမ်ခရိုင်ရဲတပ်ဖွဲ့ရုံးကို သတင်းအတည်ပြုချက်ရရှိဖို့ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
ဒါ့အပြင် အဲ့ဒီ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ပုသိမ်ခရိုင်ထဲက မြို့နယ်တွေနဲ့ ဟင်္သာတခရိုင်ထဲက မြို့နယ်တွေမှာ လုံခြုံရေးတင်းကြပ်စွာချထားပြီး လမ်းအများစုကို ပိတ့်ဆို့ရှာဖွေ စစ်ဆေးနေတယ်လို့ သိရပါတယ်။
 
ပုံစာ – ဒီမနက် ပစ်ခတ်မှု မှတ်တမ်းမြင်ကွင်းနဲ့ သေဆုံးသူရဲ့ပုံ
Photo-အသုတ်မြို့ခံ တစ်ဦး
#voiceofmyanmar #VOM #အသုတ

Related posts

Leave a Comment

VOM News

FREE
VIEW