ကောလင်းမြို့နယ်မှာ စစ်မှုထမ်းဟောင်း ၁ ဦး အပါအဝင် တစ်ရက်ထဲ လူ ၄ ဦး အသတ်ခံရ

စက်တင်ဘာ ၊ ၆ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ၊ ကောလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ မနေ့ စက်တင်ဘာ ၅ ရက်နေ့ တစ်ရက်ထဲမှာပဲ လူ ၄ ယောက် အသတ်ခံရတယ်လို့ ကောလင်းဒေခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။
 
” မနေ့ (စက်တင်ဘာ ၅)က ကောလင်းနယ်ထဲက ခံသာရွာသား ကိုဖိုးလွင် ၊ မုတ်ဝရွာက စစ်မှုထမ်းဟောင်း ကိုမြသောင်း ၊ ချပ်ကုန်းရွာက ကိုမြင့်အောင်နဲ့ သူ့ရဲ့သား ကိုရှိုင်း ခေါ် ငရှိုင်း အဲ့ဒီ လူ ၄ ယောက် သတ်ခံရတယ်လို့ ကြားတာပါ ” လို့ ကောလင်းမြို့ခံတစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ လူသတ်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ကောလင်းမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာနေထိုင်တဲ့ ဒေသခံတစ်ယောက်က ” မနေ့ မနက် ၉ နာရီလောက်မှာ ကောလင်မြို့နယ်၊ စွယ်ရကျေးရွာအုပ်စု ၊ မုတ်ဝ ကျေးရွာက စစ်မှုထမ်းဟောင်း ဦးမြသောင်း အသက် ၅၅ နှစ်က သူ့ရဲ့ညီမအိမ်ကို အလည်သွားတဲ့အခါ ရွာလယ်လမ်းမပေါ်မှာ ဆိုင်ကယ် ၁ စီးနဲ့လူ ၂ ယောက်က သူ့ကိုသေနတ်နဲ့ ပစ်သွားတာပါ ၊ အဲ့ဒီနေရာမှာတင် ဦးမြသောင်းဟာ ကျည်ဆံမှန်ဒဏ်ရာနဲ့ သေဆုံးသွားတာ ” လို့ ပြောပါတယ်။
 
ဦးမြသောင်း အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကောလင်းခရိုင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ယောက်ကလည်း ” ကိုမြသောင်းက တာဝန်ထမ်းဆောင်တုန်းက မိုင်းထိမှန်ပြီး ခြေထောက် မသန်စွမ်းဖြစ်ပြီး အငြိမ်းစားယူခဲ့တယ် ၊ သူက စစ်မှုထမ်းဟောင်း တစ်ယောက်ပါ ၊ စစ်မှုထမ်းဟောင်း အမှတ်စဥ် စက / ၀၃၀၉၈ ဖြစ်တယ် ၊ မနေ့က သေနတ်နဲ့ ပစ်ခံရလို့ ဆုံးသွားတာ ” လို့ ပြောပါတယ်။
 
အဲ့ဒီ မုတ်ဝကျေးရွာဟာ ကောလင်းမြို့နယ်ရဲ့အရှေ့ဘက် ကားလမ်းမိုင် အနည်းဆုံး ၁၈ မိုင်လောက်ဝေးပြီး အခုလို မိုးရာသီမှာ သွားလာရေး အဆင်မပြေတာကြောင့် ကောလင်းမြို့နယ်ရဲ့ အုပ်ချုပ်ရေးကဏ္ဍတွေ လက်လှမ်းမမီတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒါကြောင့် လူသတ်မှုဖြစ်ပွားရာ မုတ်ဝကျေးရွာကို ဒီကနေ့ မနက်အထိ ရဲတွေ ရောက်မလာသေးဘူးလို့ သိရပါတယ်။
 
စက်တင်ဘာ ၅ ရက် ၁ နေ့ထဲမှာ လူသတ်မှု ၃ ကြိမ်နဲ့ သေဆုံးသူ လူ ၄ ယောက်ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကောလင်းခရိုင် ခကစ ရုံး တာဝန်ရှိသူတစ်ဦးက ” ဒီရက်ပိုင်းမှာ ထူးခြားဖြစ်စဥ် သတင်းတွေက အမျိုးမျိုးတက်လာတယ် ၊ ကွင်းဆင်းစစ်ဆေးတဲ့အခါ မှန်တာလည်းရှိတယ် မမှန်တာလည်းရှိတယ် ၊ လူသတ်မှုတွေဖြစ်တယ်လို့တော့ ကြားထားရတယ်၊ ကွင်းဆင်း စစ်ဆေးပြီးမှ ဖြစ်စဥ် ဟုတ်၊မဟုတ် ပြောလို့ရမှာပါ” လို့ ပြောပါတယ်။
 
အဲ့ဒါကြောင့် ကောလင်းမြို့နယ်ထဲမှာ မနေ့က ၁ ရက်ထဲဖြစ်ပွားခဲ့ လူသတ်မှု ၃ ခု နဲ့ သေဆုံးသူ ၄ ယောက်အနက် စစ်မှုထမ်းဟောင်း ဦးမြသောင်း ၁ ဦးကိုတော့ အတည်ပြုနိုင်ပြီး ကျန် ၃ ဦးကိုတော့ VOM က ထပ်မံအတည်ပြုချက် ရယူနေဆဲဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ကောလင်း

Related posts

Leave a Comment

VOM News

FREE
VIEW