ပြည်မြို့က ဗုံးပေါက်မှုမှာ စစ်သား ၄ ဦး ဒဏ်ရာရပြီး ၂ဦးစိုးရိမ်ရ ၊ အမျိုးသား ၅ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၆-၂၀၂၁
CKC(VOM)
 
ပြည်မြို့မှာ ဒီကနေ့ နေ့လယ်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်အတွင်း စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ပြည်မြို့ဒေသခံက ပြောပြပါတယ် ။
 
ပြည်မြို့တော်ခန်းမရှေ့မှာပေါက်တဲ့ ဒုတိယမြောက် ဗုံးပေါက်ကွဲမှုမှာ စစ်သားတချို့ ဒဏ်ရာရခဲ့တာဖြစ်ကြောင်း ၊ အဲ့ဒီပေါက်ကွဲမှုတွေအပြီးမှာ မြို့ခံအမျိုးသား ၅ ဦးကို စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေကပြောပါတယ်။
 
” စစ်သား ၄ ဦးထိတယ် ၊၂ဦးကတော့အခြေအနေမကောင်းဘူးလို့ ကြားတယ်။ နောက်ထပ်ပေါက်တဲ့ဗုံးပေါက်မှုမှာ ထိတာလို့သိရတယ်။ အခုဒဏ်ရာရသူတွေကို ဆေးရုံမှာကုနေတယ်ကြားတယ် ။ ပန်းခြံအရှေ့ ဆိုင်ကယ်စီးတဲ့ ၂ ယောက်ကိုလည်း မသင်္ကာလို့ဆိုပြီး ခေါ်သွားတာတွေ့တယ်။ အခုမြို့ထဲမှာတော့ တောက်လျှောက် စစ်သားတွေရှိတယ်။ မြို့ထဲလမ်းမပေါ် သွားလာသူမရှိတော့ဘူး။ “လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
 
ဖမ်းဆီးခံလိုက်ရသူတွေထဲမှာ လူငယ်နှစ်ဦးက ညီအစ်ကိုတွေဖြစ်ပြီး သူတို့်ကို နေအိမ်မှာလာရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်း ၊ ကျန်တဲ့ ၃ ဦးကိုတော့ ဗုံးပေါက်ခဲ့တဲ့ပန်းခြံအရှေ့နားမှာ မသင်္ကာတာကြောင့် ဖမ်းဆီးခေါ်သွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
 
လက်ရှိမှာတော့ ပြည်မြို့ရဲ့ အဓိကလမ်းမကြီးတစ်လျှောက်မှာ စစ်တပ်က လုံခြုံရေးရယူပြီး စစ်ဆေးမှုတွေလုပ်နေပြီး ၊ မြို့အဝင်အထွက်ဂိတ်မှာလည်း အင်အားထပ်တိုးထားကာ အဝင်အထွက်ကို ပိတ် / ဖွင့်လုပ် စစ်ဆေးမှုတင်းကြပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။
 
ပြည်မြို့၊ မူယာပင်ပန်းခြံအရှေ့မှာ ဒီကနေ့ နေ့လည် ၂ နာရီ ကျော်နဲ့၃ နာရီကျော်လောက်က ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဟာ Pyay Underground Force – PUGF အဖွဲ့က သူတို့ လုပ်ခဲ့တာဖြစ်ကြောင်း အခုညနေပိုင်း လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
 
#voiceofmyanmar #VOM #ပြည်
ပုံစာ-ပြည်မြို့မှာ ၁၂ နာရီနောက်ပိုင်း မထွက်ရ သတ်မှတ်ချိန်ကမြင်ကွင်း

Related posts

Leave a Comment

VOM News

FREE
VIEW