ပြည်မြို့မှာ ကာကွယ်ဆေးထိုးနေတဲ့ ခန်းမရှေ့ ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်

စက်တင်ဘာ ၆-၂၀၂၁
CKC(VOM)
 
ပြည်မြို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့ မြို့တော်ခန်းမရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပစ်ခတ်မှုတွေလည်းဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေ ပြောပြချက်အရသိရပါတယ်။
 
ဒီကနေ့ နေ့လယ်၂ နာရီကျော်လောက်မှာ အမည်မသိအမျိုးသားနှစ်ဦးက ပြည်မြို့၊ မူယာပင်ပန်းခြံ ၊မြို့တော်ခန်းမအရှေ့မှာ စောင့်နေတဲ့ စစ်သားနဲ့ရဲတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ၃ နာရီကျော်လောက်မှာလည်း ပန်းခြံအရှေ့က စစ်ကားကို ဗုံးခွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
 
” ပထမတခါက ဆိုင်ကယ်နဲ့ကောင်လေးနှစ်ယောက်က လာပစ်တာ၊ပန်းခြံရှေ့စောင့်နေတဲ့ စစ်သားနဲ့ရဲတွေကိုလာပစ်တာ။ ဗုံးလည်းပေါက်တယ် ။သေနတ်ပစ်သံတွေဆက်တိုက်ကြားရတယ်။ အဲ့ဒါပြီးတော့ ၃ နာရီကျော်လောက်မှာ ဗုံးထပ်ပေါက်တယ်။ ဆိုင်ကယ်နဲ့ပဲလာပြီး ထပ်ပစ်တာလို့သိရတယ်။စစ်ကားကိုပစ်တာ ။ မထိဘူးလို့တော့ကြားတယ် ။တရပ်ကွက်လုံး အိမ်ထဲတံခါးပိတ်နေရတယ်။ သေနတ်ပစ်တာတွေဆက်တိုက်ပဲ ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။
 
ဒုတိယအကြိမ်ပေါက်တဲ့ ဗုံးကြောင့် အစောင့်ကျနေသူတွေ ထိခိုက်မှုရှိတယ်လို့သိရပေမယ့် VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပြီးနောက်မှာတော့ ပြည်မြို့အတွင်း စစ်ဆေးမှုတွေကိုတင်းကျပ်နေပြီး
ပစ်ခတ်ခဲ့သူတွေကို လိုက်လံရှာဖွေနေသလို ၊ မြို့အဝင်၊အထွက်ဂိတ်တွေမှာလည်း လုံခြုံရေးအင်အားတိုးမြှင့်ချထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
ပြည်မြို့မှာ အရင်က အစိုးရဘဏ်ရှေ့ လက်လုပ်ဗုံးပစ်တဲ့ ဖြစ်ရပ်ရှိထားပေမယ့် အခုလို အပြန်အလှန်ပစ်ခတ်မှုကတော့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
#voiceofmyanmar #VOM #ပြည် #ဗုံးပေါက် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW