ပြည်မြို့မှာ နေ့လယ်ကဖမ်းဆီးခံရသူတွေထဲက အမျိုးသားတစ်ဦး သေဆုံးသွား

ပြည်၊ စက်တင်ဘာ ၆-၂၀၂၁
CKC(VOM)

ပြည်မြို့မှာ ဒီနေ့ စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့ ကိုဇော်လင်းထက်ဆိုသူဟာ ပြည်မြို့ ကုတင် ၁၀၀ တပ်မတော်ဆေးရုံမှာ သေဆုံးသွားပြီဖြစ်တယ်လို့ အဲ့ဒီရပ်ကွက်နေ ပြည်သူတွေဆီကသိရပါတယ်။

နေ့လယ် ၃ နာရီကျော်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ရုံးလမ်း ၊ကျောင်းကြီးအိုးတန်းရပ်ကွက်က ညီအစ်ကိုနှစ်ဦးထဲက အကြီးဖြစ်သူ ကိုဇော်လင်းထက် အသက် ၃၀ နှစ်သေဆုံးခြင်းဖြစ်တယ်လို့ သိရပါတယ်။

“သူ့တို့ အဖေကြီး ငိုနေတာ အကျယ်ကြီးပဲ ၊ ဖုန်းဆက်တယ်တဲ့ သေပီဆိုပြီး အဲ့ဒီလိုကြားတယ်၊ အဖေကြီးက အကျယ်ကြီး အော်ငိုနေတာ၊ သားရယ် သားရယ် အဖေ ဘယ်လို ဖြေဆည်ရမှာလဲဆိုပြီး ငိုနေတာ ၊အဖေကြီးငိုတော့ လမ်းထဲက လူအကုန် ထွက်ကြည့်ကြတာ၊ ငိုတာ အကြာကြီးနဲ့ အသံအကျယ်ကြီး တလမ်းလုံး ကြားရတယ်၊ အကြီးကောင်လို့ကြားတယ် “လို့ အဲ့ဒီ ရပ်ကွက်ဒေသခံတစ်ဦးကပြောပြပါတယ်။

ကိုဇော်လင်းထက်ကို ဖမ်းဆီးချိန်က ရိုက်နှက်ပြီးဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ၊ အခုသေဆုံးရတာကလည်း အဲ့ဒီရိုက်နှက်ဒဏ်ရာတွေကြောင့် သွေးထွက်လွန်ပြီး သေဆုံးခြင်းဖြစ်တယ်လို့ သတင်းတွေမှာပြောဆိုထားပြီး VOM အနေနဲ့တော့ သီးခြားအတည်ပြူနိူင်ခြင်းမရှိသေးပါဘူး။

ပြည်မြို့မှာ ဒီနေ့နေ့လယ် ၂ နာရီနောက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်မှာ ကိုဇော်လင်းထက်အပါအဝင် လူငယ်အချို့ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။

#voiceofmyanmar #VOM #ပြည် #ဗုံးပေါက်ကွဲမှု #ဖမ်းဆီးခံရသူ #သေဆုံး
ပုံစာ _သေဆုံးသူ ကိုဇော်လင်းထက်

Related posts

Leave a Comment

VOM News

FREE
VIEW