ဖောင်းဆိုင် ကချင်ရွာမှာ အရပ်သားတစ်ဦး လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာရ

စက်တင်ဘာ ၆၊ ၂၀၂၁
Shy V

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ဖောင်းဆိုင်အုပ်စု၊ ဖောင်းဆိုင် ကချင်ကျေးရွာအတွင်းမှာ မနေ့ စက်တင်ဘာ ၆ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတစ်ဦး ထိမှန်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဟုတ်တယ်။ အမြှောက်ကျည် ကျလာတာ။ အမျိုးသားတစ်ယောက် လက်ထိသွားတယ်။ အသက် ၃၄ နှစ်အရွယ် ဦးတီခေါင်ဒေါင် (T. Hkawng Dau)။ တခြားထိတာတော့ မရှိဘူး၊ သံလွင်မြစ်အရှေ့ဖက်ခြမ်းကနေ ပစ်ခတ်လိုက်တာဖြစ်တယ် ” လို့ ရွာခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၃ ရက် တစ်နေ့ထဲ နစကတပ်ဘက်ကနေ MNDAA တပ်စခန်းရှိရာကို လက်နက်ကြီးနဲ့ အကြိမ်ရေများစွာ ပစ်ခတ်ခဲ့ပြီး ညနေ ၁၅ နာရီ ၂၀ မိနစ်ခန့်မှာ လက်နက်ကြီးပစ်ကူယူပြီး ခြေလျင်တပ်နဲ့ နှစ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ MNDAA ဘက်မှ ခုခံကာကွယ်နိုင်ခဲ့ပြီး စစ်သည်တော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကိုးကန့် သတင်းမှာ ထုတ်ပြန်ထားပါတယ်။

သံလွင်မြစ်အနောက်ဘက် မုံးကိုးဒေသ မန်းရန်၊ ဖောင်းဆိုင်နဲ့ သံလွင်မြစ်အရှေ့ဘက် ကိုးကန့်ဒေသရဲ့ ဟဲရှန်၊ လုံခမ်၊ ရှောက်တင့်ပ ဒေသရှိ စခန်းတွေက MNDAAတပ်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

MNDAA တပ်ရှိရာများကို စက်တင်ဘာလ ၄ ရက်၊ မနက်ပိုင်းကစပြီး လက်နက်ကြီးတွေနဲ့ ကြိုကြား၊ ကြိုကြား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၅ ရက်နေ့ကလည်း MNDAA တပ်ကို နစကတပ်တွေက အင်အား အလုံးအရင်းသုံးကာ လက်နက်ကြီးနဲ့ အကြိမ် ၆၀၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။

နစကတပ်နဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ကြူကုတ်(ပန်ဆိုင်း)မြို့နယ်နဲ့ မုံးကိုးမြို့နယ်တွေမှာ ဇူလိုင် ၃ ရက်နေ့ကနေ စက်တင်ဘာလ ၆ ရက်နေ့အထိ လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာရသူ ၁ ဦး၊ သေဆုံးတဲ့ အရပ်သားပြည်သူ ၆ ဦး၊ စစ်ဘေးဒုက္ခသည် ၂၂၈၀ ဦးနဲ့ ဆွေမျိုးအသိအိမ်မှာ ခိုလှုံနေရတဲ့ အိမ်ခြေ အနည်းဆုံး ၃၀၀ နဲ့ အထက် ရှိတယ်လို့ သိရပါတယ်။

Photo – Web
#voiceofmyanmar #VOM #မုံးကိုး #အရပ်သား #လက်နက်ကြီးကျည်ထိ

Related posts

Leave a Comment

VOM News

FREE
VIEW