ရေစကြိုက လျှပ်စစ်ဝန်ထမ်း ၃ ဦး လုပ်ငန်းခွင်မှာ အသတ်ခံရ

စက်တင်ဘာ ၇ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ၊ ရွှေလှံ ကျေးရွာနဲ့ ဆင်ခြေရာ ကျေးရွာကြားမှာ မနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်းက ရေစကြိုက လျှပ်စစ်ဝန်ထမ်း ၃ ဦး သတ်ဖြတ်ခံထားရတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ရေစကြို EPC ရုံးက မီတာဖတ် စာရေး ၃ ယောက်သတ်ခံထားရတာဖြစ်တယ် ၊ အဲ့ဒီ သေဆုံးနေတဲ့ ၃ ယောက်ထဲက ၁ ယောက်တော့ သိတယ် ၊ သူက ကိုကျော်ကို ဖြစ်တယ် ၊ ဆန္ဒပြပွဲတွေမှာ သူက အမြဲပါတတ်တော့ သိနေတယ် ၊ ကျန်တဲ့ လူ ၂ ယောက်ကိုတော့ မသိရသေးဘူး ” လို့ ဆင်ခြေရာ ရွာခံ တစ်ယောက်က ပြောပါတယ်။
 
ရေစကြို လျှပ်စစ်ရုံးနဲ့ နီးစပ်သူ တစ်ယောက်က
 
” သတ်ခံရလို့ သေတဲ့ ၃ ယောက်က ကျေးလက်မီးလင်းရေး လိုင်းလုပ်သားတွေ မဟုတ်ဘူး ၊ မီတာဖတ် စာရေး ၃ ဦးလို့ သိရတယ် ၊နာမည်တွေကတော့ စုံစမ်းနေဆဲဖြစ်တယ်၊ ပြီးခဲ့တဲ့ သြဂုတ်လ နောက်ဆုံးပတ်ထဲမှာ ရေစကြို လျှပ်စစ်ရုံးကို ဗုံး ၂ ကြိမ်ခွဲ တိုက်ခိုက်ခံရတယ် ၊ မီတာကြေး ကောက်ခံတွေ ဆက်မလုပ်ဖို့ ၊ ဆက်လုပ်မယ်ဆိုရင် လျှပ်စစ်ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ အင်တာနက်မှာ ခြိမ်းခြောက်စာတွေ ရေးထားပြီးနောက် အခုဖြစ်စဥ် ပေါ်ပေါက်တာ ” လို့ ပြောပါတယ်။
 
အဲ့ဒီ လျှပ်စစ်ဝန်ထမ်း ၃ ဦး အသတ်ခံရတယ်ဆိုတဲ့ အခင်းဖြစ်နေရာ ရွှေလှံ ရွာနဲ့ ဆင်ခြေရာ ရွာဟာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်အကြား တည်ရှိပြီး ချင်းတွင်းမြစ်နဲ့ နီးကပ်လျှက်ရှိကာ စစ်ကိုင်းတိုင်း မြောင်မြို့နယ်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ် အကြားက နေရာမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့က အဲ့ဒီ လျှပ်စစ်ဝန်ထမ်းတွေရဲ့ ရုပ်အလောင်းနဲ့ ပတ်သက်လို့ အတည်ပြု ပြောကြားတာ မရှိခဲ့ပါဘူး။
 
” ပြီးခဲ့ ( သြဂုတ်) လတုန်းက အဲ့ဒီ ရွှေလှံရွာဘက်မှာ အဖမ်းခံရတဲ့သူ ၁၄ ယောက်ရှိတယ် ၊ ဆန္ဒပြတဲ့သူတွေ စုဝေးနေတဲ့ နေရာစခန်းကို ဝင်သိမ်းခံရတာနဲ့ လက်နက်တွေဖမ်းခံထားရတာ ဖြစ်ဖူးတယ် ၊ အဲ့ဒီ ကိစ္စတွေအတွက် ပတ်သက်နေသလား မသိဘူး ” လို့ ရေစကြိုမြို့ခံ တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် မကွေးတိုင်း ၂၅ မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန် ၊ ဇူလိုင် ၊ သြဂုတ် ၃ လအတွင်း လူသတ်မှုဖြစ်စဥ် အများဆုံး နဲ့ အဲ့ဒီ လူသတ်မှုတွေကြောင့် သေဆုံးသူ အများဆုံး စာရင်းထဲမှာ ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်က ရေစကြိုမြို့နယ်လည်း ပါဝင်နေတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
 
#voiceofmyanmar #vom #ရေစကြို #ရွှေလှံ

Related posts

Leave a Comment

VOM News

FREE
VIEW