ခန္တီးရဲတပ်ဖွဲ့က ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပျောက်ဆုံးနေ

စက်တင်ဘာ ၈ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ခန္တီးမြို့နယ် ၊ နန်စီပွန်ဒေသ မှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ပျောက်ဆုံးနေတဲ့အတွက် မနေ့ စက်တင်ဘာ ၇ ရက်က အမှုဖွင့်အရေးယူထားတယ်လို့ ခန္တီး ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။
 
” နန်စီပွန်ဒေသမှာ လုံခြုံရေးကျနေတဲ့ အမှတ် ၁၆ ရဲတပ်ရင်း ရှေ့တန်းစခန်းက ရဲတပ်သား တစ်ယောက်ဟာ ကင်းတာဝန်ကျနေတဲ့အချိန် သူ့ထုတ်ပေးထားတဲ့ သေနတ် ၊ ကျည်ဆံ၊ ကျည်အိမ် အဲ့ဒါတွေယူပြီး ထွက်ပြေးသွားလို့ ပျောက်နေတာပါ ” လို့ နန်စီပွန်ဒေသ ကျောက်မျက်တူးဖော်ရေး လုံခြုံရေးအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် ရွှေပြည်သာ ရဲကင်းစခန်းနဲ့ နီးစပ်သူ တစ်ယောက်က” ဗိုလ်လေး ဖြိုးဝေအောင်က ကင်းတာဝန်ကျတွေ ရှိ၊မရှိ ဆိုတာ ကင်းလိုက်စစ်တယ် ၊ အဲ့ဒီလို စစ်တဲ့အခါ ဂိတ်အမှတ် ၈ မှာ ကင်းစောင့်ဖို့ တာဝန်ကျနေတဲ့ ရဲတပ်သား ခရစ္စတိုလင်း အသက် ၂၁ နှစ် က သူတာဝန်ကျတဲ့ ကင်းနေရာမှာမရှိဘဲ ပျောက်နေတယ် ၊ နောက်ပြီး သူ့ကိုထုတ်ပေးထားတဲ့ BA – 63 ( ယခင် အခေါ် G3)သေနတ် ၁ လက် ၊ ကျည်အိမ် ၄ ခု ၊ ၇ ဒသမ ၆၂ ကျည်ဆံ အတောင့် ၁ ရာကလည်း ပျောက်နေပြန်တယ် ၊ အဲ့ဒါကြောင့် ပျောက်နေတဲ့ ရဲတပ်သား ခရစ္စတိုလင်းကို နိုင်ငံတော်ပိုင် လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ခိုးယူထွက်ပြေးသွားတယ်ဆိုပြီး ရဲစခန်းမှာ အမှုဖွင့်လိုက်တာ ” လို့ ပြောပါတယ်။
 
အဲ့ဒီအမှုကို နန်စီပွန် နယ်မြေရဲစခန်းက (ပ) ၁၁ / ၂၀၂၁ လက်နက်အရေးပေါ် ပြင်ဆင်မှု (ယာယီ) အက်ဥပဒေ ပုဒ်မ -၂ (၁) (က)အရ လက်ခံ စစ်ဆေးနေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ မေလဝန်းကျင်က အဲ့ဒီအမှုကို ရေးဖွင့်လက်ခံခဲ့တဲ့ နန်စီပွန် နယ်မြေရဲစခန်းက ရဲဝန်ထမ်း ၅ ဦးထက်မနည်း ပျောက်ဆုံးနေခဲ့တာ ဒီကနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။
 
#voiceofmyanmar #VOM #နန်စီပွန်

Related posts

Leave a Comment

VOM News

FREE
VIEW