ရွှေဘိုနယ်မှာ ထွေ/အုပ်ဝန်ထမ်း ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

စက်တင်ဘာ ၊ ၉ -၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်က ထွေ/အုပ်ဝန်ထမ်း ၁ ဦးဟာ မနေ့ စက်တင်ဘာ ၈ ရက် မနက် အစောပိုင်းက သေနတ်နဲ့ ပစ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ရွှေဘိုထွေ/အုပ် အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
အသက် ၅၀ နှစ်အရွယ် ထွေအုပ်စာရေး ဦးကျော်ဝင်းနိုင်ဆိုသူဟာ ရွှေဘိုမြို့နယ်၊ ဘိုးတော်တောကျေးရွာမှာ ရွာစာရေးတာဝန်ထမ်းဆောင်နေရင်း မနေ့ မနက် ၆ နာရီက ဘိုးတော်တောရွာရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ယာခင်းတောကို နှမ်းစိုက်ဖို့သွားတဲ့အချိန် သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
” ရွာအုပ်စာရေး ကိုကျော်ဝင်းနိုင်က နှမ်းကျဲဖို့ ယာခင်းတောသွားတာ၊ သူ့ရဲ့ တဝမ်းကွဲ ယောက်ဖနဲ့ဖြစ်တယ် ၊ သေနတ်သမားတွေက အသက် ၃၀ ဝန်းကျင် ၂ ယောက်တဲ့ ၊ ပစ်ပြီးတော့ ပေါက္ကံရွာဘက်ကို ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတာ ” လို့ ဘိုးတော်တောရွာခံတစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ လူသတ်မှုဖြစ်စဥ်ကို ရွှေဘိုမြို့မရဲစခန်းက (ပ) ၂၈၁ / ၂၀၂၁၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ / ၁၁၄ အရ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
 
မနေ့ စက်တင်ဘာ ၈ ရက် ၁ နေ့ထဲမှာ ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေမှာ သေနတ်ကျည်ဆံထိမှန် သေဆုံးခဲ့သူ အရပ်သား ၄ ယောက်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ၃၇ မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကနေ သြဂုတ်လအထိ ထွေ/ အုပ်ဝန်ထမ်း အုပ်ချုပ်ရေးမှူး ၃၀ ကျော် သေဆုံးခဲ့ပြီး အဲ့ဒီ အရေအတွက်ထဲမှာ ရွာအုပ်စာရေးတချို့ပါဝင်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ရွှေဘို

Related posts

Leave a Comment

VOM News

FREE
VIEW