လှိုင်မြို့နယ်မှာ ဧည့်စာရင်းစစ်ရင်းနဲ့ လူဦးရေတစ်ရာနီးပါးဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၉-၂၀၂၁
KK + CKC (VOM)
 
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၃ရပ်ကွက်၊ အသောကလမ်းနဲ့ မဟာဆွေလမ်းမှာ မနေ့ည ၁၁နာရီအချိန်က ဧည့်စာရင်းစစ်ဆေးရင်း လူဦးရေ၁၀၀နီးပါး ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး၆၀ဦးကို ပြန်လွှတ်ပေးကာ အမျိုးသားတွေကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
အသောကလမ်းမှာ နေထိုင်သူတစ်ဦးက “ဧည့်စာရင်းစစ်မလို့ဆိုပြီး တံခါးဖွင့်ခိုင်းတယ် မဖွင့်ပေးလို့မရဘူး၊
အိမ်ရှိလူကုန်ထွက်ပြရတာ မှတ်ပုံတင်ပါပြရတာတိုက်ပြီးစစ်တယ်၊ သန်းခေါင်စာရင်းရှိတဲ့သူရော ဧည့်စာရင်းမတိုင်တဲ့သူရော ဖမ်းတာ၊ ဧည့်စာရင်းကြောင့် ဖမ်းတာမဟုတ်ဘူး”လို့ ရှင်းပြပါတယ်။
 
၁၃ရပ်ကွက်အတွင်းသို့ မနေ့ည ၁၁နာရီကျော်က စစ်ကားသုံးစီး ရဲကားသုံးစီး အိမ်စီးကားတွေနဲ့ ရောက်
ရှိလာပြီး ဧည့်စာရင်းစစ်တယ်ဆိုတာ ဖမ်းဆီးခဲ့ခြင်းဖြစ်သလို ဖမ်းဆီးသူတွေကို ကားပေါ်တင်ခေါ်သွားတယ်လို့ မဟာဆွေလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
 
ဖမ်းဆီးခံရသူစုစုပေါင်း ၁၀၀ဝန်းကျင်ခန့်ရှိပြီး ဧည့်စာရင်းကြောင့်မဟုတ်ဘဲ ဖမ်းဆီးတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူနေကြတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
 
ဖမ်းဆီးခံခဲ့ရတဲ့သူထဲမှ အမျိုးသမီး၆၀ဦးကို မနေ့ည ၁နာရီအချိန်မှာ ပြန်လွှတ်ပေခဲ့ပြီး ကျန်တဲ့အမျိုးသားတွေကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ပြန်လည်လွှတ်မြောက်လာသူတွေဆီက သိရပါတယ်။
 
” ရပ်ကွက်ထဲက ဖမ်းခံရတဲ့အမျိုးသမီးတော့ ပြန်လွတ်လာတယ်။ သူပြောတာတော့ တခြားသူတွေကိုလည်း စစ်ပြီးပြန်လွှတ်ပေးတယ်ပေါ့။သူက ဧည့်စာရင်းမတိုင်ထားလို့ဆိုပြီးဖမ်းခံရတာ ။ တခြားရပ်ကွက်တွေလည်း ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းတယ်လို့ကြားတယ်။ “လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။
 
ပြီးခဲ့ရက်တွေက လှိုင်မြို့နယ်အတွင်း ဧည့်စာရင်းနဲ့ဖမ်းဆီးရမိသူတွေကို မနက်ပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့တာလည်းရှိတယ်လို့ အချို့ရပ်ကွက်တွေကနေ သိရပါတယ်။
 
လှိုင်မြို့နယ်မှာ ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဌာနဆိုင်ရာရုံးတွေ၊ စစ်တပ်ပိုင်စက်ရုံတွေနဲ့ အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့သေဆုံးခဲ့တဲ့ လူအချို့လည်းရှိခဲ့ပါတယ်။
 
မနေ့ ည ၈ နာရီကျော်လောက်က ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက်မှာလည်း အုပ်ချုပ်ရေးမှူးရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမျိုးသား ၃ ဦးကိုစစ်ဆေးဖို့ဖမ်းဆီးသွားကာ ညတွင်းချင်းပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
 
တာမွေမြို့နယ်၊ တာမွေကြီးရပ်ကွက်(က/ဂ)ရပ်ကွက် ၁၅၆လမ်း နဲ့၁၆၁လမ်းမှာလည်း မနေ့ညပိုင်းက အမျိုးသားသုံးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။
 
ရန်ကုန်တိုင်းရှိ မြို့နယ်အများစုမှာ မနေ့ စက်တင်ဘာ ၈ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊စည်ပင်ရုံး၊ယာဥ်ထိန်းရုံး၊ပန်းခြံတွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ(၅)ဦးဒဏ်ရာရရှိကာ ၂ဦးဖမ်းဆီးခံခဲ့ရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW