မြောင်မြို့နယ် မြစ်ဆုံရွာအနီးက ပစ်ခတ်မှုတွေမှာ စစ်သား ၁ ဦး အပါအဝင် လူ ၂ ဦးသေဆုံး

စက်တင်ဘာ ၁၁ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊မြောင်မြို့နယ် ၊ မြစ်ဆုံကျေးရွာရဲ့ အနောက်ဘက် ယာခင်းတောထဲမှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကြောင့် အဲ့ဒီ ပစ်ခတ်မှုမှာ လူသေဆုံးမှုတွေရှိတယ်လို့ မြောင်နယ်ခံတွေရဲ့ ပြောပြချက်ရ သိရပါတယ်။
 
” ရွာဘက်ကိုရောက်လာတဲ့ စစ်သား ၁ ရာလောက်နဲ့ အမည်မသိ လက်နက်ကိုင် အဖွဲ့တွေနဲ့ ၁ နာရီ နီးပါး ပစ်ခတ်ကြတာ ” လို့ မြစ်ဆုံရွာခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပြောက်ကျား ဘောင်းဘီရှည်နဲ့ လူ ၁ ယောက် သေဆုံးနေတာကို တွေ့ရပြီး ကျည်ဆံထိမှန်ထားတဲ့ စစ်သား ၁ ယောက်ကိုတော့ စစ်သားတွေက မြင်းခြံမြို့နယ်ထဲက ကိုင်းရွာဘက်ကို ချက်ချင်း သယ်ဆောင်သွားတာဖြစ်တယ်လို့ မြင်တွေ့လိုက်ရတဲ့ ဒေသခံတွေက ပြောပါတယ်။
 
ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ လူမှုကူညီရေး စေတနာ့ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ ကျည်ဆံထိမှန်ထားတဲ့ တပ်သားအဆင့်ရှိ စစ်သား ၁ ဦးဟာ မိတ္ထီလာ စစ်ဆေးရုံကို ပို့ဆောင်ရင်း လမ်းမှာ အသက်ကုန်သွားတာဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုဖြစ်ပွားရာ မြောင်မြို့နယ်ထဲက ချောင်းဆင်း ၊ ပေါက်ချောင်း ၊ မြစ်ဆုံ၊ ကျောက်ရစ် စတဲ့ ရွာတွေဘက်မှာ စစ်သားတွေနဲ့ အမည်မသိ လက်နက်ကိုင်တွေဟာ အခုလ ၇ ရက်ကစပြီး ၂ ဖက် ပစ်ခတ် ထိတွေ့မှုတွေဖြစ်ခဲ့ပါတယ်။ မြစ်ဆုံရွာဘက်က လူသေဆုံးမှုတွေ ရှိတဲ့ ပစ်ခတ်မှုကတော့ အခုလ ၈ ရက်နေ့ ညနေပိုင်း မှာ ဖြစ်တယ်လို့ သိရပါတယ်။ မနေ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းကလည်း ကျောက်ရစ် ရဲစခန်းဘက်က ပစ်ခတ်မှုဖြစ်စဥ်မှာလည်း ကျည်ဆံထိမှန် ဒဏ်ရာရသူ တချို့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #မြောင်

Related posts

Leave a Comment

VOM News

FREE
VIEW