ဒေါ်လာစျေး ရွှေဈေး ဂယက်

စက်တင်ဘာ ၁၂-၂၀၂၁
CKC (VOM)
 
ပြည်တွင်းဒေါ်လာစျေးနဲ့ ရွှေစျေးနူန်းက စံချိန်တင် မြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေတဲ့အခြေအနေကို ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရပါတယ်။
 
လက်ရှိ ဒေါ်လာစျေးကို ဗဟိုဘဏ်က ၁၇၀၀ ကျော်သတ်မှတ်ထားပေမယ့် ပြင်ပစျေးကွက်မှာက တဒေါ်လာကို ၂ထောင်ကျပ်ကျော်ထိစျေးခေါ်နေပြီး ရွှေစျေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၉ သိန်းဝန်းကျင်အထိ ဖြစ်နေပါတယ်။
 
ဒေါ်လာစျေးဟာ ၂၀၀၀ ကျော်အထိမြင့်တက်နေပေမယ့် စျေးကွက်မှာ ဒေါ်လာ ရာဂဏန်းလောက်ကိုပင် လိုချင်သလောက်ဝယ်ယူမရတဲ့အခြေအနေတွေဖြစ်နေတယ်လို့ ဒေါ်လာဝယ်ရောင်းလုပ်နေသူတစ်ဦးက ခုလိုပြောပါတယ်။
 
“ဒေါ်လာက ထောင်ဂဏန်းအောက် ၊ ၁၀၀ ၊ ၂၀၀ လောက်ပဲဝယ်လို့ရတယ်။ဒါတောင်လိုချင်တိုင်းရတာမဟုတ်ဘူး ၊ရောင်းမယ့်သူရှိမှရတာ။ကုမ္ပဏီတွေလိုအပ်တဲ့ ဒေါ်လာသိန်းသန်းချီတာကိုထုတ်မရောင်းနိုင်တော့ဘူး။ တစ်ကိုယ်ရေးသုံးတဲ့ဟာလောက်ပဲအရောင်းဝယ်ဖြစ်နေတယ်။ကြီးသွားရင်ကြိုက်ကြေးပေးဝယ်တာဖြစ်သွားတယ်။ ထောင်ဂဏန်းအောက်ဆိုရင် နည်းနည်း ပါးစျေးနူန်း ညှိပြီးတော့ဝယ်လို့ရတာပေါ့။ အခုဖြစ်တာက ဒေါ်လာကဘယ်လောက်ပေါက်တယ် ဘယ်လောက်ရောင်းတယ်ဆိုတာမရှိတော့ဘူး။ကိုယ်ကြိုက်သလိုရောင်း ကိုယ့်မှာဒေါ်လာရှိရင် ကြိုက်ကြေးတင်ရောင်း လိုတဲ့သူကလာဝယ်တော့မယ့်သဘောဖြစ်သွားပြီ။ ” လို့ ဆိုပါတယ်။
 
ခုလို ပြင်ပဒေါ်လာစျေးကွက်မှာ အမြင့်ဆုံး ၂၀၀၀ ကျော်အထိစျေးဖြစ်နေတာဟာ လူနည်းစုကနေ ဒေါ်လာရောင်းဝယ် နည်းပါးမှုအပေါ် ဗဟိုဘဏ်တာဝန်ရှိသူက ခုလိုပြောပါတယ်။
 
” လိုအပ်ချက်များနေတဲ့အပေါ် ဗဟိုဘဏ်ဘက်ကနေမရောင်းသေးဘဲ သုံးသပ်တွက်ချက်နေဆဲမှာ စျေးကစားပြီးတော့ခုလို စျေးကစားပြီးမတန်တဆတွေဖြစ်ကုန်တာ။ အဓိကကတော့ ပယောဂတွေပါတယ်။လူလေးသုံးလေးငါးယောက်ကပဲ အရောင်းအဝယ်မဖြစ်တာကိုဒီစျေးပြောရင်းနဲ့ဒီစျေးဖြစ်နေတာပမာဏကြီးမားတဲ့ Volume နဲ့ရောင်းဝယ်တာ အဲ့ဒီစျေးနဲ့မရှိပါဘူး။ စျေးကွက်မရှိဘူး။ ရွေပဲစုရမလားဒေါ်လာပဲစုရမလားဆိုပြီး စိုးရိမ်စိတ်နဲ့ လိုက်ဝယ် ၊ မရောင်းပဲနဲ့ထားတဲ့ကာလကြာသွားတာပေါ့။အဲ့လိုဖြစ်သွားတော့ အဓိကတကယ်ဗဟိုဘဏ်ကရောင်းလိုက်ရင်ပြန်ကျသွားမယ်လို့သူတို့ယုံကြည်ကြတယ်လေ။ ရှေ့တပတ်ကနေစပြီးတော့ရောင်းပေးမယ်။ အရင်ဗဟိုဘဏ်ကမရောင်းပဲရပ်ထားတာကို ရောင်းပေးမယ်။အရင်လိုရောင်းတာမျိုးတော့မဟုတ်တော့ဘူး အရင်ရောင်းတာကနည်းတာကိုး လိုအပ် ချက်အပေါ်မူတည်ပြီးတော့ အရင်ကရောင်းတဲ့ပမာဏထက်ရောင်းဖို့တော့ ကျနော်တို့စီစဉ်နေတယ်” လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဦးဝင်းသော်ကပြောပါတယ်။
 
ရွှေစျေး နူန်းကလည်း အဓိက ဒေါ်လာစျေး တက်ခြင်းကျခြင်းအပေါ်မူတည်နေတာဖြစ်လို့ ဒေါ်လာစျေးကျအောင် နိုင်ငံခြားဝင်ငွေရမယ့် လုပ်ငန်းတွေ ၊ စက်ရုံအလုပ်ရုံတွေကိုလည်း ပြန်လည်ဖွင့်ပေးဖို့လိုအပ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း YGEA ကတာဝန်ရှိသူက သုံးသပ်ပြောဆိုပါတယ်။
 
နောက်ပြီး ရွေဆိုင်တွေပိတ်ထားရခြင်း ၊ ရွှေတွင်းတွေ လုပ်ငန်းမလည်ပတ်နိုင်ခြင်း၊ ပြည်သူတွေရွှေကို ဝယ်ယူစုဆောင်းနေခြင်း ၊ စတဲ့ ကောလဟာလသတင်း တွေကြောင့်လည်း စျေးကွက်မှာ ပစ္စည်းပြတ်တဲ့အနေအထားမျိုးဖြစ်နေတယ်လို့ သူကဆိုပါတယ်။
 
“ပြည်တွင်းဒေါ်လာစျေးက ၂၀၀၀ ကျော်သွားတယ်၊တောက်လျှောက် ကျကိုမကျတော့ဘူး ၊ ရွှေဆိုင်တွေပြန်ဖွင့်ရင် အထည်ပျက်က ဆိုင်တဆိုင်ကိုနေ့စဉ် ၂ပိသာ ၃ ပိသာထိရတယ်။အဲ့ဒီကနေ ကုန်ကြမ်းပြတ်သွားတယ်။ နောက် တောထဲကနေလည်း တွင်းတွေက မြေပြိုတယ်၊မိုးရွာတယ် နောက်တစ်ခါ အပေါ်ကလည်း မိုးရွာအောက်ကလည်းရေရှိတော့ အလုပ်သမားတွေတုပ်ကွေးဖျားကြတယ်။ တောထဲကလဲရွှေထွက်မလာဘူး။ ဒီဆိုင်တွေကလည်းပစ္စည်းမဝင်ဘူး။ လူတွေကလည်း ဘယ်လိုဖြစ်နေလဲ ဆိုတော့ကောလဟာလတွေကများတဲ့အခါကျတော့ ဒီရွှေကိုပဲလာပြုံစုတိုးပြီးတော့ဝယ်နေကြတယ်။ စျေးကွက်ထဲမှာကိုပစ္စည်းပြတ်သလိုဖြစ်နေတာ။ ပြန်ရောင်းတဲ့သူမရှိဘူး။အဝယ်ပဲများနေတယ်။” လို့ YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။
 
လက်ရှိမှာတော့ ဒေါ်လာ၊ ရွှေစျေးနူန်းစံချိန်တင်မြင့်တက်နေတဲ့အပြင် စက်သုံးဆီစျေးကလည်း မြင့်တက်လာသလို၊ ဆေးဝါးပစ္စည်း ၊ စိုက်ပျိုးရေးပစ္စည်းတွေ ၊ ပြည်ပကနေတင်သွင်းတဲ့ လူသုံးကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေလည်း စျေးနူန်းမြင့်တက်ရောင်းချလာကြပါတယ်။
 
” ဘာပဲဝယ်ဝယ် စျေးနူန်းက တစ်ခေါက်သွားတစ်ခါတက်တယ်။ စျေးကလဲ တက်လိုက်တာလို့ပြောရင် ဒိုင်ကကိုတက်တာ၊ ဒေါ်လာစျေးကတကိတာနဲ့ပဲပြောကြတယ်။ ခုကာလမှာ ဝင်ငွေမရှိဘဲ ရှိတာကို ထိုင်စား၊မရှိသူက အတိုးနဲ့ငွေချးငှါးစားနေရတာ။ စားသုံးဆီတအားတက်တယ်။ ဓာတ်ဆီတွေတက်တယ်။ ကျန်တဲ့ စားသောက်ကုန်အကုန်တက်၊ခေါက်ဆွဲခြောက်လည်းတက်တယ် ” လို့ စားသုံးသူတဦးကပြောပါတယ်။
 
ဗဟိုဘဏ်ကတော့ စားသုံးဆီ ၊ စက်သုံးဆီ၊ ဆေးဝါး ၊မရှိမဖြစ်တဲ့ ပစ္စည်းတွေ နဲ့ စိုက်ပျိုးရေးသုံ့းစ္စည်းတွေကို ဦးစားပေးထားပြီး ဗဟိုဘဏ်သတ်မှတ်တဲ့စျေးနဲ့ပဲရောင်းချပေးဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။
 
ဦးသန်းစိုး ဘောကဗေဒကတော့ စျေးကွက်မှာဝယ်လိုအားမြင့်နေတဲ့ အခြေခံစားသောက်ကုန်စျေးနှုန်း မတက်အောင် ထိန်းထားနိုင်မယ်ဆိုရင် ဒေါ်လာစျေး တက်နေလည်း စိုးရိမ်စရာမရှိကြောင်း၊ လောင်စာစျေးနှုန်းကတော့ လူလုပ်ရှော့ဖြစ်လို့ ထိန်းသင့်တယ်လို့ သူရဲ့လူမှုကွန်ယက်ကနေ သုံံးသပ်ပြောဆိုထားပါတယ်။
 
” စျေးကွက်ထဲ အခြေခံစားသောက်ကုန်စျေးနှုန်း ဒေါ်လာလောက်တက်အားမပြင်းပါ။ဒါကြောင့် ဒေါ်လာတက်ခြင်းက အောက်ခြေလူတန်းစားကို မထိနိုင်၊. Trade အားမကြီးလို့ Current Account ထိခိုက်မှုမရှိသေးလို့မြင်ပါတယ်။ ရွှေစျေးလွှတ်ထားလိုက်ပါ။ ရှိစုမဲ့စုလူတွေ ရွှေမ၀ယ်နိုင်တော့ ပိုကောင်းသေး။ တခြားဟာ၀ယ်တော့ တခြားဟာတွေ ၀ယ်လိုအားတောင်တက်သေးတယ်။ လောင်စာစျေးနှုန်းကတော့ လူလုပ်ရှော့ဖြစ်လို့ ထိန်းသင့်တယ်။ လောင်စာဖြုန်းအားလည်းမရှိဘဲ စျေးတက်လွန်းတာတော့ လုံး၀မကောင်း။ ဟင်းရွက်ကန်စွန်းရွက်လို့ မနက်၀ယ် စျေးထဲပြန်ရောင်းရတဲ့ကုန်စည်မဟုတ်ဘဲ ဒေါ်လာတိုက်တိုင်းလိုက်တက်တဲ့ daily price နဲ့သွားနေတာ လုံး၀ ထိန်းသင့်ပါတယ်။ ရေနံဆိုတာ contract price နဲ့၀ယ်ပြီး daily price ပြန်ရောင်းတာမျိုးဟာ မဖြစ်သင့်ဘူး။ လောင်စာဆီလေးပဲ ထိန်းပေး။ အဲဒီလောင်စာက အထွေထွေစျေးနှုန်းမတက်ဖို့ဘဲ ထိန်းညှိပေး။”လို့သုံးသပ်ထားပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ ဗဟိုဘဏ်ဟာ နဂိုကသတ်မှတ်ထားတဲ့ ဒေါ်လာကို ဗဟိုဘဏ်သတ်မှတ်တဲ့စျေးနူန်းနဲ့ ၀.၈ဘောင်အတွင်းကနေ အတိုး၊ အလျှော့ဘောင်အတွင်းမှ ရောင်းဝယ်ဖို့ သတ်မှတ်ချက်ကို ပယ်ဖျက်ထားပါတယ်။
 
ပြည်တွင်းက လုပ်ငန်းရှင်တချို့ကတော့ ဒေါ်လာစျေးမြင့်တက်နေတာကြောင့် လုပ်ငန်းတချို့ ရပ်နားထားထားရတယ်လို့ ပြောကြပါတယ်။
 
ဒီအခြေအနေပုံမှန်ဖြစ်ဖို့ ဗဟိုဘဏ်ဘက်က သူတို့ဒေါ်လာတွေကို အရင်လိုပြန်လည်ရောင်းချပေးတာနဲ့တပြိုင်နက် ဒေါ်လာစျေးက အမှန်တကယ်ပြန်ကျသွားမှာလား ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင်ရောင်းနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ဒေါ်လာဈေးရွှေဈေးဂယက်
 
ဓါတ်ပုံ-mademoneyonnline.blog

Related posts

Leave a Comment

VOM News

FREE
VIEW