လာအိုနိုင်ငံက မြန်မာလုပ်သား ၂၀၀ ကို (၁၀)ကြိမ်မြောက် ပြန်လည်လွှဲပြောင်း

စက်တင်ဘာ ၁၂-၂၀၂၁
Shy V(VOM)
 
လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ ရွှေတြိဂံ အထူးစီးပွားရေးဇုံဘက်မှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး အခက်အခဲအမျိုးမျိုးကြောင့် မြန်မာပြည်ပြန်လိုတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၂၀၀ ကို မနေ့ စက်တင်ဘာလ ၁၁ ရက်နေ့က ၁၀ ကြိမ်မြှောက် ပြန်လည်လွှဲပြောင်းလက်ခံခဲ့တယ်လို့ နှစ်နိုင်ငံသက်ဆိုင်ရာဌာနတွေဆီက သိရပါတယ်။
 
မြန်မာဘက်ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားအမျိုးသား ၁၁၉ ဦး၊ အမျိုးသမီး ၈၁ ဦး စုစုပေါင်း ၂၀၀ ဦးကို လာအိုနိုင်ငံဘက်က တာဝန်ရှိသူတွေက မိုင်းမော့ ဆိပ်ကမ်းမှတဆင့် တာချီလိတ်မြို့၊ မိုင်းဖုန်း (က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းကို လွှဲပြောင်းပို့ဆောင်ပေးပြီး မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေအနေနဲ့ COVID-19 စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ လက်ခံခဲ့တယ်လို့ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
 
“ပြန်ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ဦးကို ပထမအကြိမ် COVID-19 ရောဂါပိုး ရှိ/မရှိ Test Kit (RDT) နဲ့စစ်ဆေးပေးခဲ့တယ်၊ အမျိုးသာ ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၅ ဦးမှာ ပိုးတွေ့ရှိတဲ့အတွက် ပိုးတွေ့သူတွေကို ဝမ်လုံး Positive Center ပို့ပြီး ဆေးကုသမှုခံယူစေတယ်၊ အဲ့ဒီမှာ ၁၁ ရက် နေထိုင်ပြီးမှသာ နေရပ်ဒေသအသီးသီးကို ပြန်ပို့ပေးသွားမယ်”လို့ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။
 
ပိုးကင်းစင်သူ အမျိုးသား ၁၇၇ ဦး၊ အမျိုးသမီး ၇၈ ဦး၊ စုစုပေါင်း ၁၉၅ ဦးကိုတော့ ဝမ်လုံး Positive Center မှာ ၂ ရက်ထားရှိကာ ဒုတိယအကြိမ် COVID-19 ရောဂါပိုး ရှိ/မရှိ ထပ်မံ စစ်ဆေးပေးသွားမှာဖြစ်ပြီး ပိုးမတွေ့မှသာ နေရပ်ဒေသအသီးသီး ပြန်လည် ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
 
၁၀ ကြိမ်မြောက် ပြန်လည်ဝင်ရောက်လာတဲ့ လာအိုဘက်က မြန်မာပြည်တော်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဝမ်လုံးစင်တာက စားစရိတ်နဲ့ အပြန်ခရီးစရိတ်အတွက် တာချီလိတ်မြို့ ဘက်စုံအထောက်အကူပြုကော်မတီက ကုန်ကျစရိတ်တွေ စီစဉ်ပေးတယ်လို့လည်း ပြောပါတယ်။
 
ဇူလိုင် ၃၀ ရက်ကနေ စက်တင်ဘာ ၁၁ ရက်နေ့အထိ လာအိုနိုင်ငံကနေ မြန်မာဘက်၊တာချီလိတ်သို့ ပြန်လည် လွှဲပြောင်းပို့ဆောင်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၂၀၀၀ ကျော် ရှိပြီဖြစ်ပါတယ်။
 
Photo -TChL GAD,လွှဲပြောင်းပေးသူတာဝန်ရှိတစ်ဦး
#voiceofmyanmar #VOM #တာချီလိတ် #လာအို #မြန်မာလုပ်သား

Related posts

Leave a Comment

VOM News

FREE
VIEW